ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ ယနေ့နံနက် ထိုင်းစံတော်ချိန် ၁၀ နာရီခွဲခန့်က လာရောက်ခဲ့ပြီး ထိုင်းတာဝန်ရှိသူများ၊ ဒုက္ခသည် ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ မြန်မာဒုက္ခသည်များအရေး မေးမြန်းစုံစမ်း လေ့လာသွားကြောင်း သတင်းရရှိသည်။
“ဒုက္ခသည်တွေရဲ့ တဝက်ကျော်ကျော်လောက်က မှတ်ပုံ မတင်ရသေးဘူးပေါ့လေ။ မှတ်ပုံ မတင်ရသေးတဲ့ ဒုက္ခသည်တွေအနေနဲ့ ထိုင်းနိုင်ငံ အစိုးရဘက်က ဘယ်လို စီစဉ်နေလဲ၊ ဘယ်လိုကြောင့် သူတို့ကို မှတ်ပုံမတင်ရလဲ၊ မှတ်ပုံတင်ဖို့ အစီအစဉ်တွေ ရှိသလား၊ ဘယ်လို ပုံစံမျိုးနဲ့ မှတ်ပုံတင်မှာလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းသွားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် မယ်လ ဒုက္ခသည်စခန်းဥက္ကဋ္ဌ ကိုစောထွန်းထွန်းက ဧရာဝတီသ့ို ပြောသည်။
ထို့အပြင် စခန်းတွင်းရှိ ကလေးငယ်များ ကျောင်းမတက်ဖြစ်ခြင်း၊ ကျောင်းပညာ တပိုင်းတစဖြစ်ခြင်းများနှင့် အဖက်ဖက်က အခက်အခဲများ ရင်ဆိုင်နေရသည်မှာ နိုင်ငံတကာ အကူအညီ အထောက်အပ့ံ့ နည်းသွားခြင်းကြောင့်လားဟု ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းရာ ထိုင်းတာဝန်ရှိသူများ၊ NGO များက ပြန်လည် ဖြေကြားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မယ်လဒုက္ခသည်စခန်းတွင်းရှိ ဆေးရုံတွင် လှည့်လည်လေ့လာခဲ့ပြီးနောက် စခန်းတွင်း ရိုးရာဝတ်စုံများနှင့် စောင့်ကြိုနေကြသော ဒုက္ခသည်များကို ကားပေါ်မှပင် နှုတ်ခွန်းဆက်စကား ပြောကြားပြီး နေ့လယ် ၁ နာရီကျော်တွင် မယ်လ ဒုက္ခသည်စခန်းမှ မဲဆောက်မြို့သို့ ယာဉ်တန်းဖြင့် ဆက်လက်ထွက်ခွာခဲ့သည်။
မယ်လဒုက္ခသည်စခန်းမှ အသက် ၃၉ နှစ်အရွယ် ကိုချစ်ဦးက “အရမ်းပျော်တာပေါ့နော်။ ကျနော်နဲ့အတူတူ ဒီက ပြည်သူတွေလည်း အားလုံး ထပ်တူထပ်မှျှ ခံစားရတယ်ပေါ့၊ ဒေါ်စုကို တွေ့ရတာ။ ဒေါ်စုပြောတာက ပြည်တွင်းကို အားလုံး အမြန်ပြန်နိုင်ဖို့အတွက် သူကြိုးစားပေးမယ်ပေါ့။ အာဏာပိုင်တွေကို သူပြောခဲ့တယ်ပေါ့” ဟု ဆိုသည်။
ဒုက္ခသည်တဦးဖြစ်သူ မမြင့်ချိုက “အခုလို ဒေါ်အောင်ဆန်းစုကြည် လာလို့ ကျမတို့ ကျေးဇူးတင်ပါတယ်။ ကျမ ဒုက္ခသည်စခန်းမှာ နေလာတာ အနှစ် ၂၀ လောက်ရှိပါပြီ။ ကျမတို့ အမေမိဘတွေရော၊ မောင်နှမတွေရော အားလုံးက အမေရိကန် ရောက်ကုန်ကြပြီ။ ဒီမှာ ကျမတဦးတည်း ကျန်တယ်။ ကျမတို့ မြန်မာပြည်ပြန်ဖို့ကတော့ ဘယ်လို ဆုံးဖြတ်ရမှန်း ကျမတို့လည်း မသိတော့ဘူး” ဟု ပြောသည်။
မယ်လဒုက္ခသည်စခန်းသို့ ဒေါ်အောင်းဆန်းစုကြည် လာရောက်သည်မှာ ကောင်းသည့်လက္ခဏာနှင့် မြန်မာ ဒုက္ခသည်များအတွက် ခွန်အားဖြစ်သော်လည်း ဒုက္ခသည်များ၏ အခက်အခဲ အခြေအနေများကို အသေးစိပ် တင်ပြနိုင်ရန် အခွင့်အရေး မရခဲ့ကြောင်း စခန်းဥက္ကဋ္ဌ ကိုစောထွန်းထွန်းက ဧရာဝတီကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းကို လေဆိပ်နှင့် မယ်လဒုက္ခသည်စခန်းသို့ သွားရာလမ်း တလျှောက်တွင် မဲဆောက်ရှိ ထောင်နှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ ကျောင်းသားကျောင်းသူများ၊ မဲဆောက်ဒေသတခွင်ရှိ မြန်မာနိုင်ငံသားများက ကြိုဆိုကြသည်။
မယ်လဒုက္ခသည်စခန်းမှ မဲဆောက်သို့ အပြန်လမ်းတွင် မယ်တော်ရှိ ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းနှင့် ပညာသင်ကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လေ့လာမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသော်လည်း ရောက်ရှိလာခြင်းမရှိဘဲ မဲဆောက်လေဆိပ်သို့ တန်းသွားကာ လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ကြောင်း သိရသည်။
“ကျမတို့အားလုံးကတော့ ဒီမှာ မျှော်လင့်ကြတယ်ပေါ့နော်။ ဒီ ကျောင်းသူ ကျောင်းသားတွေရော၊ ကျန်းမာရေး၊ ပညာရေး လူမှုရေးဝန်ထမ်းတွေအားလုံး ဒီမှာ စုံစုံညီညီနဲ့ ကြိုဆိုကြချင်တယ်လေ။ ဒေါ်စုရဲ့ အားပေးစကားတွေလည်း ကြားချင်ကြတယ်ပေါ့နော်။ နောက် နယ်စပ်ဒေသအခြေအနေ အားလုံးကိုလည်း ကျမတို့ ဆွေးနွေးတင်ပြချင်တယ်။ အဲဒီလိုမျိုး အခြေအနေမှာ ဒေါ်စု မလာနိုင်တဲ့အတွက်ကြောင့် ကျမတို့ အားလုံး ဝမ်းနည်းကြတယ်” ဟု ဒေါက်တာ စင်သီယာမောင်က ဧရာဝတီကို ပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နယ်စပ်ဒေသ အခြေစိုက် လူထုအခြေပြု အဖွွဲ့အစည်းများနှင့် အင်အားစုများ၏ ပူးပေါင်းဆောင်ရွက်နေမှု၊ နယ်စပ်ဒေသရောက် မြန်မာများ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အခြေအနေများကို လေ့လာသိရှိသွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်နော်စီဖိုးရာစိန်က “တိုင်းရင်းသား ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ အင်အားစုတွေပဲဖြစ်ဖြစ် အခု သူက နယ်စပ်မှာ လာပြီဆိုတော့ တွေ့ချင်တာပေါ့။ ဒါပေမယ့် လာမယ့် အစီအစဉ်လည်း ကျမတို့ မသိဘူး။ ဘယ်သူက စီစဉ်ပေးတာလဲ၊ ဘယ်သူက လုပ်ပေးတာလဲ ကျမတို့ မသိဘူးပေါ့နော်။ မသိတဲ့အတွက်ကြောင့် အဆင်ပြေမှု တခုမှ မရှိဘူး။ မြန်မာပြည်သူ ပြည်သားတွေကတော့ မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်နေတာ၊ မတွေ့ရတော့ စိတ်မကောင်းဖြစ်ကြတာပေါ့” ဟု ပြောသည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုမိုးဆွေကလည်း “မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ဘာပဲ ပြောပြော ကိုယ့်ခေါင်းဆောင်ဆိုတော့ သူတို့ တွေ့ချင်ကြတယ်ပေါ့။ အခုဟာက လေယာဉ်ကွင်းကနေ ကားက တရှိန်ထိုး မောင်းထွက်သွားတယ်။ မျက်နှာလေးတောင် မြင်ခွင့်မရလိုက်ဘူးဆိုတော့ စိတ်မကောင်းကြဘူး” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများအရေး၊ မြန်မာဒုက္ခသည်များအရေးကို ထိုင်း အာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်း ဖြစ်သည်။