ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ၏ ကျန်းမာရေး အခြေအနေအရ အနားယူရန် တင်ပြထားသော နုတ်ထွက်လွှာကို သမ္မတ ဦးသိန်းစိန် က လက်မခံသေးဘဲ ဆေးခွင့် နှစ်လ ခွင့်ပြုထားကြောင်း သတင်း ရရှိသည်။
သမ္မတရုံး က ဦးတင်အောင်မြင့်ဦး ၏ နုတ်ထွက်လွှာကို လက်မခံသေးဘဲ မေလဆန်း ပိုင်းမှ ဇူလိုင်လဆန်းပိုင်း အထိ ဆေးခွင့်အဖြစ် သတ်မှတ်၍ ခွင့်ပေးထားကြောင်း နိုင်ငံတော် သမ္မတ ရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
“ဆေးခွင့်နှစ်လ ပြည့်တဲ့အချိန်ဇူလိုင်လက လွှတ်တော်ပြန်ခေါ်မယ့်အချိန်နဲ့ အံကိုက်ပဲ။ အဲဒီအချိန်ကျမှ ဒု သမ္မတ ဦးတင်အောင်မြင့် ဦး ကိစ္စက အဖြူအမည်း သဲသဲကွဲကွဲ သိရမယ်”ဟု သမ္မတ ရုံးနှင့် နီးစပ်မှုရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မှ လုပ်ငန်းရှင် တဦးကလည်း ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ဦးတင်အောင်မြင့်ဦး သည် ယခုအခါ ကျန်းမာရေးအခြေအနေ တဖြည်းဖြည်းချို့ယွင်းမှု ရှိလာကြောင်း တပ်မတော်သား ကိုယ်စားလှယ် တချို့ထံမှ သိရှိရသည်ဟု ပြောဆိုသည်။
“လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးတွေဆီက ကြားရတာက ဒုတိယ သမ္မတ ကျန်းမာရေး အတော်ကို မကောင်းဘူး၊ ကင်ဆာ အဖုအကျိတ်တွေ ထွက်တယ်။ လည်ချောင်း ဝန်းကျင်မှာ ထွက်တယ်ပေါ့။ တပ် ကိုယ်စားလှယ်တွေ ပြောတာက သူတို့ကိုလည်း တရားဝင် ဘာမှ အကြောင်းကြားတာမျိုး မရှိဘူး။ သို့သော်လည်း နီးစပ်ရာ မေးမြန်းကြည့်ရင်း ကျန်းမာရေး အတော် မကောင်းဘူး ဆိုတာ သိရတဲ့အကြောင်း ပြောတယ်”ဟု ဦးဖုန်းမြင့်အောင် က ဆိုသည်။
ဦးတင်အောင်မြင့်ဦး၏ နေရာတွင် မည်သူကို အစားထိုးခန့်အပ်မည်ဆိုသော မေးခွန်းအပေါ် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များက မသိရှိကြသည့်အပြင် မည်သူနှင့် အစားထိုးမည်ကိုလည်း စိတ်ဝင်တစား ရှိကြကြောင်း ဦးဖုန်းမြင့်အောင်က ပြောဆို သည်။
“တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ဦးတင်အောင်မြင့်ဦးကို ရွေးချယ်တင်မြှောက်ထားတာ ဆိုတော့ ဦးတင်အောင်မြင့်ဦး ရဲ့နေရာမှာ ဘယ်သူနဲ့အစားထိုးမလဲဆိုတာက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်မှာပေါ့”ဟု ၎င်း က ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်ကမူ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး သည် လက်ရှိရာထူး တွင် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း မေလ၂၄ ရက်နေ့က ကျင်းပသည့် ဒေါက်တာ ဦးမြင့်၏“ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ် အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ”နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ အခမ်း အနားတွင် ထည့်သွင်း ပြောဆို သွားသည်။ ဒေါက်တာ ဦးမြင့်သည် သမ္မတ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဖြစ်သည်။
“မေလ ၃ ရက်နေ့ ထုတ်ထားတဲ့ ငြိမ်းချမ်းရေးကော်မတီ အမိန့်ပြန်တမ်းမှာ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ပါဝင် နေဆဲဖြစ်တဲ့ အတွက် သူက အခုအချိန်အထိ အစိုးရအဖွဲ့မှာ ပါဝင်နေတယ်လို့ ပြောလို့ရပါတယ်”ဟု ဦးကိုကိုလှိုင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မတရုံးကမူ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၏ သတင်းနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၏ နေရာတွင် ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း(သို့မဟုတ်) ကြည်း၊ရေ၊လေ ညှိုနှိုင်း ကွပ်ကဲရေးမှူး ဒု ဗိုလ်ချုပ်ကြီး လှဌေးဝင်း တို့ဖြင့် အစားထိုး ခန့်သွားရန်ရှိသည်ဆိုသော အတည်မပြုနိုင်သည့် သတင်းများလည်း စစ်တပ်နှင့်နီးစပ်သော အသိုင်းအဝိုင်းတွင် ထွက်ပေါ်လျက် ရှိသည်။
မေလဆန်းပိုင်းမှ စတင်၍ ကျန်းမာရေး အကြောင်းပြချက်ဖြင့် ဦးတင်အောင်မြင့်ဦးသည် ဒု သမ္မတ ရာထူးမှ နုတ်ထွက်စာ တင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဒု သမ္မတ ဦးတင်အောင်မြင့်ဦးသည် DSA အပတ်စဉ် ၁၂ ကျောင်းဆင်းဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ကာ နအဖ စစ်အစိုးရ၏ အတွင်းရေးမှူး(၁) တာဝန်လည်း ထမ်းဆောင်ခဲ့သည်။ လတ်တလောတွင် ဒု သမ္မတ အဖြစ် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင်လည်း အဖွဲ့ဝင်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ တွင် ဒု သမ္မတ တဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ တစုံတခုသော အကြောင်းကြောင့် နုတ်ထွက်ခဲ့ပါက နုတ်ထွက်ခွင့်ပြုရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပနေချိန်ဖြစ်ပါက ခုနစ် ရက် အတွင်း ဒု သမ္မတ တဦး ထပ်မံတင်မြှောက်နိုင်ရေး နိုင်ငံတော် သမ္မတ က ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင် စွာ အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပချိန်မဟုတ်ပါက ပြည်ထောင်စုလွှတ်တော်အကြီးအမှူးသည် သမ္မတထံမှ အကြောင်းကြားစာရရှိသည့်နေ့မှစပြီး ၂၁ ရက်အတွင်း လွွှတ်တော် အစည်းအဝေး ခေါ်ယူပြီး ဒု သမ္မတ တဦးရွေးချယ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။