မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ လဲလှယ်ရေးကောင်တာ များစွာ ထပ်မံ ဖွင့်လှစ်ခဲ့သော်လည်း ငွေလဲလိုသူ နိုင်ငံသားများအတွက်
အဆင်ပြေခြင်း မရှိသေးသကဲ့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် များအတွက်လည်း အခက်အခဲများ ရှိနေသေးသည်ဟု သိရသည်။
ငွေလဲလှယ်ရာတွင် အချိန်ကြာမြင့်သကဲ့သို့ အစွန်းအထင်းပါသည့် ဒေါ်လာ အဟောင်းများမယူသဖြင့် နိုင်ငံခြားသားနှင့် ဆက်ဆံရာတွင် မျက်နှာပျက်စရာ ဖြစ်ရကြောင်း ခရီးသွားလာရေးကုမ္ပဏီများက ဆိုသည်။
“ဒေါ်လာလဲတဲ့အခါ ကောင်တာက ဒေါ်လာအဟောင်းဖြစ်နေလို့၊ ဒေါ်လာက စွန်းနေပေနေလို့ ဆိုပြီးပြောတော့ နိုင်ငံခြားသားတွေက ဒေါ်လာ အတုမှမဟုတ်တာ ဆိုပြီး ပြောတာပေါ့။ အဲဒီလိုဖြစ်ရင် ကာလပေါက်ဈေးလည်း မရဘူး” ဟု ရန်ကုန်အခြေစိုက် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
တရားဝင် နိုင်ငံခြားငွေ လဲလှယ်ပေးသည့် ကောင်တာများကြောင့် မြန်မာနိုင်ငံ ခရီးသွားဝန်ဆောင်မှုနှင့် ပတ်သက်၍ နိုင်ငံခြားသားများ ရှေ့တွင် မျက်နှာပျက်စရာ ဖြစ်နေကြောင်း၊ လက်ရှိအနေအထားအရ ယာယီ ဧည့်သည်များသာ ရှိနေသေးသော်လည်း ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ယင်းကိစ္စနှင့် ပတ်သတ်ပြီး အခက်အခဲ တွေ့မည်ဖြစ်ကြောင်း၊ တရားဝင် ငွေလှဲလှယ်သည့်ကောင်တာသို့ သွားရောက်လဲလှယ်မှု အဆင်မပြေသဖြင့် လဲလှယ်သူများ မရှိသလောက်နည်းပါးကြောင်း ဧည့်လမ်းညွှန် တဦးဖြစ်သူ ဦးစိုင်းရီကျောက်က ဧရာဝတီသို့ပြောသည်။
မကြာသေးခင်က ထိုင်းနိုင်ငံမှ ပြန်လာသူတဦးက “ထိုင်းက လေဆိပ်မှာ ထိုင်းဘတ်ကနေ ဒေါ်လာလဲဖို့လုပ်တော့ မြန်မာပြည်အတွက် ဒေါ်လာအသစ်တွေ သူတို့မှာ မရှိဘူးဆိုပြီး လဲမပေးဘူး” ဟု ဆိုသည်။
မြန်မာပြည်ရှိ တရားဝင်ငွေလဲ ကောင်တာများတွင် အမေရိကန်ဒေါ်လာမှလွဲ၍ ကျန်သည့် နိုင်ငံသုံးငွေများ လဲလှယ်ရာ အဆင်မပြေကြောင်း၊ ထို့ကြောင့် လေဆိပ်များတွင် ထိုင်း ဘတ်ငွေကဲ့သို့သော တခြားနိုင်ငံသုံး ငွေများအား အမေရိကန် ဒေါ်လာဖြင့် လဲလှယ်ကြကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံသားများ ငွေလဲလှယ်ရာ၌ ဒေါ်လာအသစ်များဖြင့် လဲပေးရန် တောင်းဆို ကြသောကြောင့် နိုင်ငံခြားလေဆိပ် ငွေလဲ ကောင်တာများက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျတော်ကတော့ ငွေလဲကောင်တာတွေမှာ အလုပ်ရှုပ်ခံပြီး လဲမနေတော့ဘူး။ ငွေလဲရတာ လုံးဝအဆင်မပြေဘူး။
အချိန်တော်တော် ပေးရတယ်။ ပြီးတော့ ဟိုဟာမယူ၊ ဒီဟာမယူနဲ့ ရွေးသေးတယ်” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဆိုသည်။
ငွေလဲ ကောင်တာများသည် နိုင်ငံခြား ဧည့်သည်များနှင့် ချိတ်ဆက်သည့် အခန်းကဏ္ဍ ရှိနေသဖြင့် ဖျက်သိမ်းသင့်သည့် ဥပဒေတချို့ကို ဖျက်သိမ်းရန် လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) မှ တာဝန်ရှိသူ ဦးတင်ဆွေက “လက်ရှိတော့ ကျနော်တို့ ဘဏ်က လာလဲတဲ့သူကို အများဆုံး ဒေါ်လာ တသောင်းအထိ လဲပေးနေပါတယ်၊ အကန့်အသတ် တော့ မရှိပါဘူး။ ဒေါ်လာတွေ ရွေးတဲ့ကိစ္စကလည်း ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းပါ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် AGD ဘဏ်၏ ငွေလဲကောင်တာများအဖြစ် ရန်ကုန်တွင် ၄ နေရာ၊ နေပြည်တော်တွင် ၁ နေရာနှင့် မန္တလေးတွင် ၁ နေရာ ဖွင့်လှစ်ထားကြောင်း သိရသည်။
ငွေလဲ ကောင်တာများ ထပ်မံဖွင့်လှစ်ရာတွင် စည်းမျဉ်း စည်းကမ်းများနေပါက မည်မျှထပ်မံဖွင့်စေကာမူ အဆင်ပြေမည် မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် များနှင့် နိုင်ငံခြားနှင့် ချိတ်ဆက်အလုပ်လုပ်နေသည့် ကုမ္ပဏီများက ဆိုသည်။
“ငွေလဲ ကောင်တာတွေကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းလို ဖြစ်ရင် တော်ပါပြီ။ ဘယ်လောက်မှ မတောင်းဆိုပါဘူး။ မကြာခင် ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်” ဟု ဦးတင်ထွန်းအောင်က ပြောသည်။
ယခုအခါ ရန်ကုန်၊ နေပြည်တော် အပါအဝင် မြန်မာပြည်ရှိ မြို့ကြီးများတွင် နိုင်ငံခြားငွေလဲ ကောင်တာသစ် စုစုပေါင်း ၆၂ ခု ထပ်မံ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားသည်။