ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ အသက် ၁၆ နှစ်အရွယ် ကျောင်းသူတဦးအား သတ်ဖြတ်ကာ မီးရှို့ အလောင်းဖျောက်ဖျက်သူအား အခင်းဖြစ်ပွားပြီး ၄၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြောသည်။
လမ်းမတော် ၇ လမ်း အထပ်မြင့်တိုက်ခန်းတခုတွင် ထိုအမှု ဖြစ်ပွားခဲ့သည့် မေလ ၃၀ ရက်နေ့နံနက်က ရွှေပုဇွန်မုန့်တိုက်မှ မုန့်ထုပ် ကိုင်ဆောင်ထားသူ အမျိုးသားတဦးအား တိုက်လှေကားအတွင်း မသင်္ကာဖွယ် တွေ့လိုက်ရသည်ဟု သတင်းရခဲ့ကြောင်း၊ ထိုမုန့်တိုက်ရှိ လုံခြုံရေးကင်မရာမှတ်တမ်းမှတဆင့် ပြစ်မှုကျူးလွန်သူအား ခြေရာခံမိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
“သူက သွေးအေးတယ်။ သေသေ ချာချာ စီစဉ်ပြီး အမှုကို ကျူးလွန်တယ်။ သူ့ကို ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့တာက ပြည်သူတွေရဲ့ ကူညီမှုကြောင့်ပါ” ဟု မှုခင်းဌာနမှ ရဲမှူးမြင့်ထွေးက ရှင်းပြသည်။
ပြစ်မှုကျူးလွန်သူသည် သာကေတမြို့နယ် ၁ ရပ်ကွက်၊ ထူပါရုံ ၉ လမ်းတွင် နေထိုင်သူ ကိုမျိုး (ခေါ်) ကိုမျိုးလွင် ဆိုသူ ဖြစ်ကြောင်း၊ သားငါးရောင်းချသူ ကိုမျိုးလွင်သည် သေဆုံးသူ၏ မိခင် ဒေါ်စန်းရီထံမှ အတိုးနှုန်းကြီးကြီးဖြင့် ချေးယူထားသောငွေများ ပြန်မဆပ်နိုင်သည့်အတွက် အငြိုးအတေးထားခဲ့ကြောင်း၊ တခြား အိမ်သူအိမ်သားများ မရှိခိုက် တိုက်ခန်းတွင်း ဝင်ရောက်ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးမြင့်ထွေးက ပြောသည်။
လူသတ်မှုကျူးလွန်ပြီး ရုပ်အလောင်းပေါ်သို့ အဝတ်အထည်များ ပုံကာ မီးရှို့ခဲ့သည်ဟု ဝန်ခံ ထွက်ဆိုကြောင်း၊ တိုက်ခန်းတွင်းမှ သူယူဆောင်ခဲ့သည့် သိန်းတရာကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၁၁ မျိုး ပြန်လည် သိမ်းဆည်းရရှိခဲ့ကြောင်း ရဲအရာရှိက ဆက်ပြောပြသည်။
ကိုမျိုးလွင်အား လူသတ်မှု ၊ အလောင်း ဖျောက်ဖျက်မှု၊ မီးရှို့မှု၊ ခိုးမှု တို့ဖြင့် အရေးယူထားကြောင်း သိရှိရသည်။
ရန်ကုန်နေပြည်သူများ ထိတ်လန့်ခဲ့ရသည့် ဒုတိယမှုခင်းဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့က ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်၊ ၇ လမ်းတွင် ဖြစ်ပွားခဲ့သည်။ အသက် ၂၅ နှစ် အရွယ် လွင်ဦးဆိုသူသည် အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သူ ညီအစ်မနှစ်ဦးထံ ထိုနေ့က သွားရောက်ပြီး ဓာတ်ဆီဖြင့်ပက်ကာ မီးရှို့ခဲ့ကြောင်း၊ ထိုနှစ်ဦးအနက် ဒဏ်ရာအပြင်းအထန် ရရှိသွားသူ သွားဖက်ဆိုင်ရာ ဆရာဝန် အမျိုးသမီးသည် ဆေးရုံသို့ရောက်ပြီး ရက်ပိုင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။
ထိတ်လန့်တုန်လှုပ်ဖွယ် မှုခင်းနှစ်ခု ဖြစ်ပွားအပြီး ဒေသခံအများအပြားက လုံခြုံရေး ပိုမို ဂရုစိုက်လာကြသည်။
“အထပ်မြင့်တိုက်တာတွေကတော့ လှေကားတွေ သော့ခတ်တာတွေ ပိုပြီး ဂရုတစိုက် လုပ်လာကြတယ်” ဟု ရန်ကုန်မြို့ တရုတ်တန်းတွင် နေထိုင်သူတဦးက ပြောသည်။
လူဦးရေ ထူထပ်လွန်းပြီး လူမျိုးပေါင်းစုံ နေထိုင်သည့် ရန်ကုန်တွင် အမှု အမျိုးအစား စုစုပေါင်း ၄၀ နှင့် ၄၅ အကြား နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးမြင့်ထွေးက ပြောဆိုသည်။
ရဲတပ်ဖွဲ့က ကြိုးစား စုံစမ်းလေ့ရှိသော်လည်း အမှုမှန် ဖော်ထုတ်ခြင်း မပြုနိုင်သော အမှုအခင်းများလည်း ရှိကြောင်း၊ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဖြစ်ပွားခဲ့သော ကမာရွတ်မြို့နယ် ငါးလောင်းပြိုင် လူသတ်မှုကိုလည်း ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်နီလမ်းထိပ်တွင် ဓားလွတ်ကိုင်လူပေါင်းမြောက်မြားစွာက လူတဦးကို ဝိုင်းဝန်း တိုက်ခိုက်မှု၊ ရန်ကုန် မြို့လယ်တွင် ရုပ်ရှင်ဒါရိုက်တာ လူငယ်တဦးအား တုပ်နှောင်ပြီး ကားဖြင့် တရွတ်တိုက်ဆွဲခေါ်မှုတို့မှာ လူပြောများသည့် ထိတ်လန့်ဖွယ် မှုခင်းများ ဖြစ်သည်။
အောင်သက်ဝိုင်း နှင့် ဇော်ဝင်း ပူးပေါင်းရေးသားသည်။
ဆက်စပ်သတင်း – ဓာတ်ဆီလောင်း မီးရှို့ခံရသည့် အမျိုးသမီး သေဆုံး