ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော ရိုးမ သစ္စာကားပေါ်မှ အစ္စလမ်ဘာသာဝင် ခရီးသည် ၁၀ ဦး သတ်ဖြတ်ခံရခြင်းနှင့် ရခိုင် အမျိုးသမီးလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း များနှင့်ပတ်သက်ပြီး တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် ယနေ့ ရန်ကုန် မြို့တွင် အစ္စလမ် ဘာသာဝင်တချို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသည်။
ရန်ကုန်မြို့ ဆူးလေစေတီ အနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် အစ္စလမ်ဘာသာဝင် တချို့က တရားဥပဒေ စိုးမိုးရေးနှင့် အမှုအခင်းအား အစိုးရ သတင်းစာက ဖော်ပြရာ၌“မွတ်ဆလင်ကုလား”ဟူသော အသုံးအနှုန်းကို ပြောဆိုသုံးနှုန်းမှု အပေါ် ပြန်လည် တောင်းပန်ရန်လည်း တောင်းဆိုကြသည်။
ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က စတင် ဆန္ဒပြပွဲဖြစ်ပွားသည့်နေရာသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး လည်း ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ဆန္ဒပြသူများကို ပြောသည်။
အသက်အိုးအိမ်များ ထပ်မံဆုံးရှုံးမှုမဖြစ်စေလိုကြောင်း၊ အစိုးရ သတင်းဌာန၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်းလည်း ၎င်းက
ဆက်လက် ပြောဆိုသည်။ ကိုမြအေးသည် အစ္စလမ် ဘာသာဝင် တဦး ဖြစ်ကြောင်း သိရသည်။
ယနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာ၌ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ”ဟူ၍ သတင်း ခေါင်းစဉ်၌ ဖော်ပြထားသည်။
ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားပေါ် ပါလာသူ ၁၀ ဦးအား တောင်ကုတ်မြို့တွင် လူအုပ်စု တစုက သတ်ဖြတ်ခဲ့မှု သတင်းဖော်ပြချက်၌ မြန်မာ့ အလင်း သတင်းစာက ထိုသို့ သုံနှုန်းထားခြင်း ဖြစ်သည်။
အစိုးရ သတင်းဌာန၏ သုံးနှုန်းမှုသည် ကျင့်ဝတ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေးသမားများ နှင့် သတင်း မီဒီယာ သမားများကလည်း ပြောဆိုကြသည်။
မေလ ၂၈ ရက်ကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာ အုပ်စု သပြေချောင်း ကျေးရွာနေ အသက် ၂၇ နှစ် ရှိ မသီတာထွေး ကို လူငယ် ၃ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်၍ လက်ဝတ် လက်စား ရွှေထည်ပစ္စည်းများ ယူဆောင်သွားသည့် အမှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍လည်း ယခု ဆန္ဒပြသူများက တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုကြခြင်း ဖြစ်သည်။