ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်၍ အစိုးရသတင်းစာများ၏ စကားလုံး အသုံးအနှှုန်းအား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။
သတင်းစာ ဆရာကြီး ဦးဝင်းတင်က “ရခိုင်ဒေသ ကိစ္စ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ မလိုလားပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း မီးလောင်ရာ လေပင့် ဖြစ်စေတဲ့ အသုံးအနှှုန်းတွေ မသုံးသင့်ဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွက် တရားဥပဒေ အတိုင်း ဆောင်ရွက်သွားမည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ကိစ္စရပ်အား ဥပဒေရေးဆွဲပြဌာန်းပြီး ဖြစ်ကြောင်း၊ သို့သော် ယခုကဲ့သို့ ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ရပ်များ အား လက်ခံ၍ မရကြောင်း သတင်းစာများက ဖော်ပြထားသည်။
စစ်တွေမြို့ ရဲစခန်းအား ဖျက်ဆီးမှု၊ သံတွဲမှ ရန်ကုန်သွားသည့် ရိုးမ သစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ လူ ၁၀ ဦး အသတ်ခံရမှု၊ သပြောင်ချောင် ကျေးရွာမှ အမျိုး သမီးတဦးအား လူသုံးဦးက အဓမ္မပြုကျင့်ပြီး ဓားဖြင့် ထိုးသတ်ကာ ရွှေထည် ပစ္စည်းများ ယူဆောင်မှုတို့၌ ပြစ်မှု ကျူးလွန် သူများကို ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
သို့သော် ရိုးမသစ္စာ ယာဉ်ပေါ်၌ လိုက်ပါလာ သူများအား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများ၌ “မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု သုံးနှှုန်းထားခြင်း အပေါ် ဝေဖန် ခံနေရခြင်း ဖြစ်သည်။
လက်ရှိ အခြေအနေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပ နိုင်ငံများသို့ သွားရောက်မည့် အချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ပြဿနာ၏ အရင်းအမြစ်ကို ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ သတင်းစာ များ၏ အသုံးအနှှုန်းကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။
“အခုဖြစ်ရပ်က အချိန်ကိုက် ဖြစ်နေတယ်၊ လူမျိုး တမျိုးကို ရက်စက်တဲ့ လူမျိုးဖြစ်အောင် လုပ်နေတာလား၊ ရိုဟင်ဂျာကို တိုင်း ရင်းသားတခု ဖြစ်အောင် ဖန်တီးနေတာလား၊ အစိုးရ သတင်းစာတွေက ဒီဖြစ်ရပ်ကို မီးလောင်ရာလေပင့် မလုပ်သင့်ဘူး။
သတင်းစာက ရေးတဲ့ အသုံးအနှုန်းတွေကို ကန့်ကွက်ပါတယ်” ဟု ၎င်းက ဆိုသည်။
အစိုးရ သတင်းစာများ အနေဖြင့် ဆင်ခြင်ချိန်ဆ ရေးသင့်ကြောင်း၊ မဖြေရှင်းနိုင်သေးသည့် ပြဿနာအစစ် အမှန်အား ဖြေရှင်း နိုင်ရေး ကိစ္စသည် အားလုံးတွင် တာဝန်ရှိကြောင်း၊ သမိုင်းကို လိမ်လည်နေကြသည့် ပုဂ္ဂိုလ်များ လည်းရှိကြောင်း၊ အခုပြဿနာ ဖြစ်ပွားရသည့် ရည်ရွယ်ချက်ကို ဖော်ထုတ်ရန်လိုအပ်ကြောင်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြည်တွင်း ငြိမ်းချမ်းမှု မရှိသေးသည့်အတွက် စစ်တပ် မရှိမဖြစ် လိုအပ်နေသေးသည့် အခြေအနေမျိုး ဖော်ဆောင်လာနိုင်သည်ကို သတိထားရမည်ဖြစ်ပြီး ယခုဖြစ်ရပ်သည် စဉ်းစား စရာများ ရှိနေ၍ မီဒီယာများ အနေဖြင့် တည်ငြိမ်မှုရရှိစေရန် ဆောင်ရွက်ပေးသင့်သည်ဟု ဆိုသည်။
လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု လုပ်ဆောင်ခြင်း မပြုရန် လူ့အခွင့်အရေး ကြေညာစာတမ်း၌ ဖော်ပြထားသော်လည်း အစိုးရသတင်းစာ များက လိုက်နာခြင်း မရှိကြောင်း၊ ထိုလုပ်ရပ်သည် နောက်ကြောင်း ပြန်လှည့်လိုသည့် ကိစ္စ ဟုတ်မဟုတ် စဉ်းစားစရာ ဖြစ်စေနိုင်ကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူများနှင့် တိုင်ပင်၍ ပြန်ကြားရေး ဝန်ကြီးဌာနကို ကန့်ကွက်စာ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
သတင်းမီဒီယာများ အနေဖြင့် ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ ရေးသားရာ၌ ပြည်သူများထံ အချက်လက်ပေးရန်သာ ဖြစ်ပြီး ပဋိပက္ခ ပိုမိုကြီးထွားလာစေရန် လှုံ့ဆော်သည့် သဘော မရေးသင့်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများ ထည့်သွင်း မရေးသင့်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ facebook စာမျက်နှာ၌ ရေးသား ထားသည်။
လူမျိုးရေး၊ ဘာသာရေး ထည့်သွင်း ဖော်ပြခဲ့သည့် အတွက် အိန္ဒိယ နိုင်ငံ၌ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာ၊ ဇာတ်နိမ့်၊ ဇာတ်မြင့် တို့အကြား လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ ထို့ကြောင့် အသုံးအနှှုန်း သတိထားရေး သားရန် အိန္ဒိယ စာနယ်ဇင်း ကောင်စီက အတိအလင်း ထုတ်ပြန်ထားကြောင်း ဦးရဲထွဋ်က ဖော်ပြထားသည်။
ဦးရဲထွဋ်၏ ရေးသားမှုသည် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်များနှင့် ဆန့်ကျင်နေကြောင်းလည်း ဝေဖန်မှု တချို့ ထွက်ပေါ်နေသည်။
အစိုးရ သတင်းစာပါ “မွတ်ဆလင် ကုလား” ဆိုသည့် အသုံးအနှုန်းအတွက် အစိုးရက တောင်းပန်ရန်၊ တရားဥပဒေ စိုးမိုးရန်နှင့် သတ်ဖြတ်ခံရသူများအား တရားဥပဒေ အတိုင်း စီရင်ပေးရန် စာတမ်းများပါသည့် ပိုစတာ ကိုင်ဆောင်ထားသော လူ ၁၅ ဦး ခန့်သည် ရန်ကုန်မြို့ ဆူးလေစေတီအနီးရှိ ဗလီတခုရှေ့တွင် ယနေ့ နေ့လယ်က ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရခြင်းသည် ကျောက်နီမော်ဒေသခံ အမျိုးသမီး တဦးအား လူ ၃ ဦးက အဓမ္မကျင့် သတ်ဖြတ်ခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။
စစ်တွေမြို့နယ် နာဇီဈေးအတွင်း ကောက်ခံသည့် အခွန်အခ များပြားသောကြောင့် ဦးဆောင်ဆန္ဒပြသူ ဦးအောင်သန်းဝေ အသတ်ဖြတ် ခံရသည်ဆိုသည့် သတင်းထွက်ပေါ်ခဲ့သဖြင့် ပဋိပက္ခ ဖြစ်ပေါ်ခဲ့ရာမှ အာဏာပိုင်များဘက်က သေနတ်ဖောက် ဖြေရှင်းခဲ့မှုအပေါ် မကြေလည်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ပဋိပက္ခများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေး ပါတီ (RNDP) တို့ကလည်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
ပဋိပက္ခ ဖြစ်ပွားခဲ့သည့် စစ်တွေမြို့၏ ယနေ့ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်း၊ အကြမ်းဖက် လုပ် ရပ်များနှင့် ပတ်သတ်၍လည်း ကြေညာချက် ၂ စောင်ကို ယနေ့ ထုန်ပြန်ခဲ့ကြောင်း RNDP ပါတီ၏ စစ်တွေမြို့နယ် ဥက္ကဋ္ဌနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“ကျောက်နီမော်ဒေသ အမျိုးသမီး တဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုကို ရှှုံ့ချတယ်၊ တောင်ကုတ်မှာ လူ ၁၀ ဦးကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်တာလည်း ရှှုံ့ချတယ်၊ စစ်တွေမြို့မှာ ဖြစ်ပွားတဲ့ လူထု အုံကြွတာကို အာဏာပိုင်တွေ ဘက်က လိုအပ် တာထက် သေနတ်ဖောက် ပစ်ခတ်တာမျိုး နောက်တကြိမ် ထပ်မံ မလုပ်မိဖို့၊ ထိန်းသိမ်းပေးဖို့ ကိစ္စတွေ ကြေညာချက်ထဲမှာ ပါဝင်တယ်” ဟု ဦးအောင်မြကျော်က ရှင်းပြသည်။
စစ်တွေမြို့လူထု အုံကြွမှုအတွင်း အကြောင်းပြချက် ခိုင်လုံမှု မရှိဘဲ လူတစုက ရဲစခန်းနှင့်အနီးတဝိုက် ကို ခဲနှင့်ပေါက်ခြင်း၊ အနီးရှိ မော်တော်ယာဉ်ကို ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကို လုံးဝရှှုံ့ချကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။
“ဦးအောင်သန်းဝေ အသတ်ခံရတာ တကယ်မဟုတ်ဘူး၊ ပြန်ရောက်နေပါပြီ ဆိုတာကို ရှင်းပြတော့ လူအများစုက ပြန်သွားကြ ပါတယ်။ ဒါပေမယ့် လူတစုက မပြန်ဘဲ ရဲစခန်းကို ခဲနဲ့ ပေါက်တာ၊ နီးရာကားကို ဖျက်ဆီးတာတွေက တဆင့် ထိန်းမရတဲ့ အခြေအနေတွေ ကနေ ပစ်ခတ်တာတွေ ဖြစ်သွားရတယ်။ ဒီ လူတစုရဲ့ လုပ်ရပ်ဟာ အင်မတန် ရုပ်ဆိုးပါတယ်” ဟု ဦးအောင်မြကျော်က ဆိုသည်။
အောင်သက်ဝိုင်း ပူးပေါင်းရေးသားသည်။