ကချင် ဒေသ ငြိမ်းချမ်းရေး အတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ရထား ဝန်ကြီး ဦးအောင်မင်းနှင့် မကြာခင်သေးခင်ရက်ပိုင်းက တွေ့ဆုံခဲ့ပြီး စစ်ရေးကိုအဓိကထား၍ ဆွေးနွေးခဲ့ကြောင်း ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ယင်း ဆွေးနွေးပွဲကို KIA တပ်မဟာ ၃ ထိန်းချုပ်ထားသော မိုင်ဂျာယန် ဒေသတွင် ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့ရာ အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်၍ ကိုယ်စားလှယ် ၅ ဦးခန့် တက်ရောက်ခဲ့ပြီး KIA ဘက်က ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင် တက်ရောက် ခဲ့ခြင်း ဖြစ်သည်။
“ပြဿနာ ဖြစ်နိုင်တဲ့ ဒေသတွေမှာရှိတဲ့ နှစ်ဘက်တပ်တွေ ကိစ္စကို ဘယ်လို ခွာထားရမလဲ၊ သိပ်ပြီး နီးကပ်နေလို့ရှိရင် ဘယ်လို သ ဘောတူညီချက်တွေပဲ ထားထား၊ လက်မှတ်တွေ ဘယ်လောက်ပဲ ထိုးထား ထိုးထား၊ ဒီတပ်တွေ နီးကပ်နေလို့ရှိရင် တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆအရ ဒီတပ်တွေကို ဘယ်လိုခွာထားရင် ကောင်းမလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြတာပါ”
ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။
KIAဘက်က တင်ပြဆွေးနွေးချက်များကိုလည်း ဦးအောင်မင်းက အထက်ကို တင်ပြမည်ဟု ပြန်လည် ပြောဆိုကြောင်း သိရသည်။
“ဦးအောင်မင်း ဘက်ကတော့ သူတို့ သက်ဆိုင်ရာ လူကြီးတွေနဲ့ ညှိနှိုင်းမယ်၊ သူ့ဘက်ကလည်း မညှိနှိုင်းဘဲနဲ့ သူပြောလို့ မရပါဘူး၊ ဒါပေမယ့် သူအကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်၊ အောင်မြင်အောင်လုပ်မယ် ဆိုတဲ့ သူရဲ့ သဘောထားကို ပြောပြတာ ဖြစ်ပါ တယ်”ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ဆက်ပြောသည်။
အကောင်းဆုံး ဖြစ်အောင် ဆောက်ရွက်ပေးမည်ဟု ပြောဆိုသော်လည်း အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီမှ ဆုံးဖြတ်ပိုင်ခွင့် ရှိသူတို့၏ သဘောထားများ လိုအပ်ကြောင်း၊ မည်သည့် နေ့ရက်၌ ထပ်မံဆွေးနွေးမည်ကို မသိရသေးဘဲ အစိုးရတာဝန်ရှိသူများနှင့် ပြန်လည် ညှိနှိုင်းမှု အပေါ် မူတည်ကြောင်းလည်း ၎င်းက ပြောသည်။
ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးစန်းအောင်ကမူ ယခုလ ၁၂ ရက်နေ့ နောက်ပိုင်း အစိုးရနှင့် KIA ခေါင်းဆောင်များ ထပ်မံ တွေ့ဆုံဆွေးနွေးရန် ရှိပြီး မကြာခင် အဆင်ပြေမည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
“ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်း ပြောတဲ့ပုံစံမျိုး ဖြစ်နေတဲ့ အတွက် ကြောင့်မို့ အဆင်ပြေဖို့များပါတယ်၊ KIA ဘက်ကလည်း အဆင်ပြေအောင် လုပ်ရအောင်၊ အစိုးရဘက်ကလည်း အဆင်ပြေအောင် ကို လုပ်ရမယ်၊ မပြေဘူးဆိုတဲ့ စကားကို သုံးတောင် မသုံးတဲ့ သဘောမျိုးဖြစ်နေတယ်ဆိုတော့ ပြေလည်ဖို့ အများကြီး ဖြစ်နိုင်တယ် လို့ ယူဆပါတယ်”ဟု ဦးစန်းအောင်က ပြောသည်။
မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို အစိုးရက အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIA ခေါင်းဆောင်များကို ဒုတိယအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ် သည်။ ထိုင်းနိုင်ငံ ချင်းရိုင်နယ်စပ်တွင် ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်တချို့နှင့် KIA မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ် မော်တို့ ပြီးခဲ့သည့်လ ၂၁ ရက်နေ့က နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီး၌ မေ ၂၈ ရက်နေ့က အစိုးရတပ်နှင့် KIA တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မူဆယ်-လားရှိုး လမ်းကိုလည်း KIA လက်အောက်ခံနယ်မြေခံ တပ်ရင်း တချို့က ရှေ့တန်းစစ်မြေပြင် တပ်မှူးများ၏ တင်ပြချက်များကြောင့် လုံခြုံရေး အကြောင်းပြကာ ယာယီ ပိတ်ထားကြောင်း သိရသည်။
KIAသည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
အစိုးရနှင့် KIAအကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။
KIA နှင့် အစိုးရ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင်းနှင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေး ဒုက္ခသည် ခန့်မှန်းခြေ ၇၅၀၀၀ ခန့်ရှိကြောင်း မကြာသေးခင်က ထုတ်ဝေသော လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့(HRW) အစီရင်ခံစာ တခုတွင် ဖော်ပြထားသည်။