မန္တလေးမြို့ရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ယာဉ်မှတ်ပုံတင် ပေးရေးစီမံချက်အား ဇွန် ၅ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့ အထိ ၄ လကြာ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပြုလုပ်ပေးရာတွင် One Stop Service ပုံစံဖြင့် ပြုလုပ်ပေးသွားမည် ဖြစ်ပြီး ဆိုင်ကယ် ထုတ်လုပ်သည့် နိုင်ငံအလိုက် အင်ဂျင်ပါဝါနှင့် ဆိုင်ကယ်အမျိုးအစားပေါ် မူတည်၍ သတ်မှတ် ကာလတန်ဖိုး၏ ၅ ရာခိုင်နှုန်းအား အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်များအဖြစ် ပေးဆောင်ရမည် ဖြစ်ကာ အာမခံ ပရီမီယံကြေးအဖြစ် ကျပ် ၂၅၅၀၊ ယာဉ်မှတ်ပုံတင်ကြေး ကျပ် ၂၂၀၀၀ တို့ ပေးသွင်း၍ ယာဉ်မှတ်ပုံတင် ပြုလုပ်နိုင်မည် ဖြစ်သည်။
ဆိုင်ကယ်လိုင်စင်များ ပြန်လည် ချထားပေးမှုကြောင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ ဈေးထိုးတက်လျှက် ရှိကြောင်း ဆိုင်ကယ် လိုင်စင်ပြုလုပ်ပေးမည်ဆိုသည့် သတင်းကြောင့် ယခုရက်ပိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ် အဖမ်းအဆီး များပြားကြောင်း သိရသည်။
ပုံမှန် ကျပ် ၃ သိန်း ဝန်းကျင်ရှိသော ဆိုင်ကယ်များမှာ ကျပ် ၃ သိန်းခွဲအထိ တိုးတက်သွားသည်ဟု လားရှိုးနှင့် မန္တလေးသို့ ဆိုင်ကယ်များ တင်ပို့ ရောင်းဝယ်နေသူ တဦးက ပြောသည်။
တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များမှာ လားရှုှိုး၊ ကြယ်ဂေါင်မှ မန္တလေးမြို့သို့ ၁၆ မိုင်ဂိတ်မှ တဆင့် ဝင်ရောက်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က လိုင်စင်မဲ့ဆိုင်ကယ်များကို သွင်းကုန်/ ထုတ်ကုန် ဥပဒေ ပုဒ်မ – ၅ (၁)၊ ပုဒ်မ – ၅ (၃) တို့အရ သိမ်းယူဖမ်းဆီးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း လိုင်စင်မဲ့ ဆိုင်ကယ်များ ပပျောက်မသွား ခဲ့ကြောင်း၊ ယခု လက်ရှိတွင် ဆိုင်ကယ်လိုင်စင် ချပေးတော့မည် ဖြစ်သောကြောင့် မန္တလေးရှိ ယာဉ်ထိန်းတပ်ဖွဲ့က အဖမ်းဆီးများ ပြုလုပ်လျှက် ရှိကြောင်း၊ ဆိုင်ကယ် ဦးထုပ်မဆောင်းသူများနှင့် လူလိုင်စင် မပါသူများကို အဓိက ဖမ်းဆီးလျှက်ရှိကြောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များကိုလည်း ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။
“လိုင်စင် ထုတ်ပေးခါနီးမှာ ဆိုင်ကယ်တွေ ဖမ်းတာ သဘာဝမကျဘူး။ ကျနော်တို့က လိုင်စင်မဲ့ ဆိုင်ကယ်တွေကို စီးပြီး မြို့ထဲကို လာရတာလေ။ အဲဒါကို သူတို့က ခွင်တခုအနေနဲ့ ဖမ်းတာတော့ ဘယ်ကောင်းမလဲ” ဟု မန္တလေးသား တဦးက ဆိုသည်။
လိုင်စင် လုပ်ရန်အတွက် ဝယ်ယူထားသော တရုတ်ဆိုင်ကယ်များအား မြို့တွင်းသို့ စီးနင်းဝင်ရောက်ရာတွင် ယာဉ်ထိန်း တပ်ဖွဲ့က ဇွန်လ ၄ ရက်နေ့အထိ ဖမ်းဆီးနေပြီး ဒဏ်ကြေးများ ဆောင်ခိုင်းလျှက်ရှိကြောင်း၊ ဆိုင်ကယ် ဦးထုပ်မဆောင်းသူ များအား အဓိက ဖမ်းဆီးနေသောကြောင့် မြို့တွင်းရှိ ဆိုင်ကယ်စီးဦးထုပ်ဆိုင်များ လက်တလောတွင် အရောင်းအဝယ် သွက်နေကြောင်း သိရသည်။
ဆိုင်ကယ်စီး ဦးထုပ်များမှာ ဂျပန်၊ ယိုးဒယား၊ အိန္ဒိယ၊ တရုတ်နှင့် မြန်မာနိုင်ငံထုတ်များ ဖြစ်ပြီး အိန္ဒိယ၊ မြန်မာနှင့် တရုတ် ဆိုင်ကယ်စီး ဦးထုပ်များမှာ အရောင်းအသွက်ဆုံး ဖြစ်ကာ ဂျပန်နှင့် ယိုးဒယား ဆိုင်ကယ်စီး ဦးထုပ်များမှာ အရောင်းထိုင်းလျှက် ရှိသည်။
“ဂျပန်ဦးထုပ်တွေက အရောင်းလည်း ထိုင်းသလို ပစ္စည်းလည်း ရှားသွားပြီ။ အများဆုံးကတော့ တရုတ် ဦးထုပ်တွေပဲ အဝင်များနေတယ်။ ဆိုင်ကယ်တွေကလည်း တရုတ်ဆိုင်ကယ်တွေပဲ အစီးများကြတယ်” ဟု ၇၈ လမ်းရှိ ဆိုင်ကယ် ဦးထုပ်အရောင်းဆိုင်က ပြောသည်။
တရုတ်ဦးထုပ်များမှာ တံဆိပ်မျိုးစုံဝင်ပြီး ဒီဇိုင်း ၁၀ မျိုးခန့် ရှိကြောင်း၊ ဒီဇိုင်းတမျိုးတွင် အရောင် ၇ မျိုးခန့်ရှိ၍ အပြာ၊ အနီ၊ အဝါ၊ အဖြူ၊ ဇီးရောင်၊ ငွေမင်၊ ခဲရောင်များအား မန္တလေး လူထု ကြိုက်နှစ်သက်ကြောင်း သိရသည်။ တရုတ် ဦးထုပ်များမှာ ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကျော်အထိရှိသည်။ အိန္ဒိယဦးထုပ်များမှာ အမျိုးအစား တမျိုးတည်းသာရှိပြီး အရောင် ၄ မျိုး ရှိသည်။ ဈေးနှုန်းမှာ ကျပ် ၄၀၀၀ ဝန်းကျင်ရှိသည်။ မြန်မာဦးထုပ်များမှာ အိန္ဒိယဦးထုပ်နှင့် ပုံစံတူ ထုတ်လုပ်ထားပြီး ကျပ် ၁၂၀၀ မှ ၃၀၀၀ ကြားသာ ရှိသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ယာဉ်မှတ်ပုံတင် စုစုပေါင်း ၇ ကြိမ်ပြုလုပ် ပေးခဲ့ဖူးသည်။ ယခုတကြိမ်သည် ၈ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ၇ ကြိမ်က ဆိုင်ကယ် ၁၅၈၇၂၉၂ စီးကို လိုင်စင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။