မြန်မာ တနိုင်ငံလုံးကို လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးနေပြီ ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ဇွန်လ ၄ ရက် နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။
ရန်ကုန်တိုင်းနှင့် မန္တလေးခရိုင်ရှိမြို့တွင်းမြို့နယ်များအား ယခုလ ၂ ရက်နေ့က စ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေလျက် ရှိသကဲ့သို့ ကျန်ပြည်နယ်နှင့် တိုင်းများအားလုံးကိုလည်း ယခုလ ၅ ရက်နေ့ မှစတင်ကာ လျှပ်စစ် ဓာတ်အား ၂၄ နာရီအပြည့် ဖြန့်ဖြူးပေးနေကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
“၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ပြတ်သွားတယ်ဆိုတာ အရင် ဌာနက ထုတ်ပြန်ထားတယ်လေ။ အဲဒါကြောင့်မို့ ဓာတ်အား ပြတ်တာပါ။ အခု အဲဒါတွေကလည်း ပြန်ရလာပြီး ဓာတ်အားစနစ်မှာလည်း ဓာတ်အား ထုတ်လုပ်နိုင်မှု တိုးတက် လာ တယ်၊ အဲဒါကြောင့်မို့ အခုလိုပြန်ပေးနိုင်တာပါ”ဟု ရန်ကုန်တိုင်း အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန တာဝန်ရှိသူ ဦးကျော်ဌေးမြင့် က ဧရာဝတီသို့ ပြောသည်။
နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် ယခုရက်ပိုင်းထုတ် အစိုးရသတင်းစာများတွင် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများကို လာရောက်ရင်းနှီးမြှုပ်နှံရန် အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန က တရားဝင်ဖိတ်ခေါ်မှုများ ပြုလုပ်နေသည် ကို လည်း တွေ့ရသည်။
လျှပ်စစ်မီး မရသဖြင့် ယခင်လ တတိယပတ်မှ စ၍ မန္တလေး၊ ရန်ကုန်နှင့် ပြည်နယ်တိုင်းများရှိမြို့တချို့က လူစည်ကားရာ နေရာများ တွင် ဖယောင်းတိုင်များထွန်းညှိကာ လျှပ်စီးမီး အချိန်ပြည့် ရရှိရေး တောင်းဆိုနေသူများကလည်း မီးပုံမှန်ရရှိပြီ ဖြစ်သဖြင့် ဆန္ဒပြ တောင်းဆိုမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောဆိုကြသည်။
“ကျနော်တို့ စပြီး ဆန္ဒပြတဲ့ နှစ်ရက်မြောက်လောက်မှာပဲ တရက်ကို တနာရီလောက် တိုးပေးလာတာကိုတွေ့ရတယ်။ ဒီလ ၃ ရက် နေ့မှာတော့ တရက်ကို လျှပ်စစ်မီး နာရီ ၂၀ လောက်ထိရလာတာနဲ့ ကျနော်တို့ရဲ့ တောင်းဆိုမှုတွေကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်သူ နိုင်ငံရေးအကျဉ်းသား မိသားစု အကျိုးဆောင်ကွန်ရက် တာဝန်ခံ ကိုဟန်ဝင်းအောင် က ပြောသည်။
လျှပ်စစ်မီး အချိန်ပြည့် ရရှိရေး တောင်းဆိုဆန္ဒပြခဲ့ကြသော ပြည်နယ်နှင့် တိုင်းများက လှုပ်ရှားသူများကလည်း လျှပ်စစ်မီး ပုံမှန်ရရှိလာသည်နှင့်အမျှ ဆန္ဒပြမှုအား ရပ်တန့်လိုက်ကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယခုအခါ လျှပ်စစ်မီး ပုံမှန်ရရှိလာခြင်းကြောင့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့များရှိမြို့ခံများကလည်း လတ်တလောတွင် ပျော်ရွှင်နေကြ သည်ဟု ဆိုသည်။
ရန်ကုန် စမ်းချောင်းမြို့နယ်ရှိ စားသောက်ဆိုင် ပိုင်ရှင် တဦးက “အခုကတော့ မီးကအချိန်ပြည့်လိုပဲ လာနေတယ်။ မပျက်တော့ ဘူးလို့ ထင်တာပဲ၊ မီးလာတော့ မီးစက်သုံးစရာ မလိုတော့ဘူးပေါ့ဗျာ။ အရင်တိုင်းဆို ဆီဖိုးနဲ့တင် စရိတ်ထောင်းတာ”ဟု ပြောသည်။
မန္တလေးသား တဦးက“အခုတော့ လာနေတယ်လေ၊ ၂၄ နာရီလာပြီလို့ ပြောနိုင်ပါတယ်။ စောင့်ကြည့်ဖို့လိုသေးတယ်”ဟု ပြောဆို သကဲ့သို့ ပဲခူးမြို့ခံ တဦးကလည်း“ပျက်လည်း ခဏပဲကြာတယ်၊ တနေ့ကို နာရီ ၂၀ လောက်လာတယ်”ဟု ပြောသည်။
စက်မှုဇုန်များအား လျှပ်စစ်ဖြန့်ဖြူးပေးနေမှုကို ယခင်အတိုင်း တရက် ၅ နာရီနှုန်းဖြင့် အုပ်စု နှစ်စုခွဲကာ ဖြန့်ဖြူးပေးလျက် ရှိကြောင်း ရန်ကုန်တိုင်း အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန က ပြောသည်။
မေလ ၁၉ ရက်နေ့မှ စ၍ လျှပ်စစ်မီး ဖြတ်တောက်ခံရမှုကြောင့် ရန်ကုန်မြို့ အခြေစိုက် ပြည်ပပို့ ရေထွက်ကုန် အအေးခန်း စက်ရုံ ၇၀ ကျော် အနက်မှ ၅၀ ခန့် ရပ်နားခဲ့ရပြီး ယခုအခါ စက်ရုံတချို့ ပြန်လည်ပတ်နေပြီဟု စုံစမ်းသိရှိရသည်။
ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသော ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ကနိုင်း ကျေးရွာ အနီးရှိ ၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာ ဓာတ်အားလိုင်းမှ အမှတ် ၇၃၊ ၂၀၆၊ ၂၀၇၊ ၂၀၈ တာဝါတိုင်များ မေလ ၁၈ ရက်နေ့က မိုင်းခွဲဖျက်ဆီး ခံခဲ့ရပြီး လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ခဲ့ ရကြောင်း အစိုးရက မေလ ၂၀ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှ တဆင့် ထုတ်ပြန်ခဲ့သည်။
တာဝါတိုင်များ ဖောက်ခွဲခံရမှုနှင့် ပတ်သက်၍ အစိုးရက ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO) လက်အောက်ခံ ကချင်ပြည် လွတ် လပ်ရေး တပ်မတော်(KIA)က တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာများကတဆင့် တိုက်ရိုက် စွပ်စွဲခဲ့သည်။
ယင်းနယ်မြေတွင် အစိုးရတပ်များ၊ KIA ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) နှင့် အခြားလူမျိုးစု တပ်ဖွဲ့များလည်း လှုပ်ရှားနေသဖြင့် ဖောက်ခွဲသူလက်သည် ပြောဆိုရန် ခက်ခဲကြောင်း ယင်းကိစ္စကိုလည်း KIO က စုံစမ်းနေကြောင်း KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီသို့ ပြောဆိုထားသည်။