မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်မှု မရှိကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး စုရာဖုန် တိုဝီချတ်ချိုင်ကွန် က ထုတ်ဖော် ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံတွင် ရှိနေစဉ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများကိုသာ ဆောင်ရွက်ရန် ထိုင်း အစိုးရက ဒေါ်အောင် ဆန်းစုကြည်အား ခွင့်ပေးခဲ့သည်ဟုလည်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး က ဆိုသည်။
ဘန်ကောက်မြို့တွင်ကျင်းပသော အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF)သို့ မတက်ရောက်ရန် သမ္မတ ဦးသိန်းစိန် က ဆုံးဖြတ်ခဲ့ခြင်းသည် ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား လက်ခံခဲ့ခြင်းနှင့် မည်သို့မျှ သက်ဆိုင်မှုမရှိဟု နိုင်ငံခြားရေး ဝန်ကြီး စုရာဖုန်က ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မည်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တွင်မှ ပါဝင်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ထိုင်း နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် စီဟာစတ် ဖုရန်ကက်ကဲရော့ က ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေး အရာရှိအား ပြောဆိုခဲ့သည်ဟုလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဤခရီးစဉ်အတွင်း မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ဒုက္ခသည်များ ဆိုင်ရာ ကိစ္စရပ်များကိုသာ တရားဝင် ပြောဆို ဆောင်ရွက်ခွင့် ရခဲ့သည်။
ထို့အပြင် ထိုင်း-မြန်မာ နယ်စပ် တာ့ခ် ခရိုင် ရှိ မယ်လဒုက္ခသည်စခန်း ခရီးစဉ် အတွင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သို့မဟုတ် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ခွင့်မပြုခဲ့ဟုလည်း စုရာဖုန်က ဆို သည်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ် နောက် ဆက်တွဲ အခြေအနေများနှင့်ပတ်သက်၍လည်း ယမန်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုရာတွင် ဦးဝဏ္ဏမောင်လွင်က သမ္မတ ဦးသိန်းစိန် WEF သို့ မတက်ရောက်ရန် ဆုံးဖြတ်ချက်သည် ဒေါ်အောင် ဆန်း စုကြည်၏ ခရီးစဉ်နှင့် ဆက်နွယ်မှုမရှိကြောင်း၊ ထိုင်းနိုင်ငံအနေနှင့် အိမ်ရှင်ဖြစ်သည့်အားလျော်စွာ ဒေါ်အောင်ဆန်းစုကြည် အတွက် အကောင်းဆုံးဆောင်ရွက်ပေးခဲ့သည်ကို မြန်မာအစိုးရက နားလည်ကြောင်း ပြောသည်ဟု ဆိုသည်။
ထို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး မည်သို့မျှ ထိခိုက်မည်မဟုတ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
ထိုင်းအစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာအစိုးရထံ ကြိုတင် အကြောင်းကြားခဲ့ကြောင်း၊ မြန်မာ အစိုးရဘက်က မည်သည့် ကန့်ကွက်မှုမျှ မပြုလုပ်ခဲ့ကြောင်း စုရာဖုန်က ဆက်ပြောသည်။
ထိုင်းနိုင်ငံ၏ ဧည့်သည်အဖြစ် WEF သို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းအစိုးရက ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းဖိတ်ကြားမှုနှင့်ပတ်သက်၍ အကြောင်းကြားခဲ့သော်လည်း မြန်မာအစိုးရဘက်က စိုးရိမ်ပူပန်မှု တစုံတရာ မပြဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်တွင်ရှိစဉ် ဆောင်ရွက်မည့်အစီအစဉ် အသေးစိတ်ကိုလည်း WEF သို့ တက်ရောက် လာသည့် မြန်မာအစိုးရ စွမ်းအင်ဝန်ကြီအား ပေးအပ်ခဲ့ကြောင်း၊ ၎င်းက ယင်းအစီအစဉ်များနှင့်ပတ်သက်၍ တစုံတရာ ကန့်ကွက်ပြောဆိုခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ ရက်က စတင်သည့် ၆ ရက်ကြာ ထိုင်းနိုင်ငံခရီးစဉ်အတွင်း စမွတ်စခွန် ခရိုင်ရှိ မြန်မာ အလုပ်သမားများထံ နှင့် တာ့ခ် ခရိုင် မယ်လ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များထံ သွားရောက် ခဲ့သည်။
အလုပ်သမားများနှင့် တွေ့ဆုံရာ၌ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ အခွင့်အရေး အပြည့်အဝ ရရှိရန်အတွက် အစွမ်းကုန်
ကြိုးစား ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လာပြီး တိုင်းပြည် ဖံွ့ဖြိုးရေး အတွက် ဝိုင်းဝန်းကူညီကြရန်လည်း အားပေးတိုက်တွန်း ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ တိုက်တွန်းခဲ့သည့်အပေါ် စိုးရိမ်မှုမရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ထိုသို့ တိုက်တွန်းမှုသည် မြန်မာအစိုးရအနေနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် လမ်းမှန်ပေါ်တွင် ရှိနေဆဲဖြစ်သည် ကို ပြသသည့် လက္ခဏာကောင်း တရပ်အဖြစ် ရှုမြင်သည်ဟု ၎င်းက ဆိုသည်။
မြန်မာ ဒုက္ခသည်များ အနေနှင့်လည်း ထိုင်းနိုင်ငံတွင် ရှိနေစဉ်အတွင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ တက် ရောက်ခွင့် ရသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အချိန်၌ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်များ ရှာဖွေရာတွင် လိုအပ် သည့် အရည်အချင်းများ ရှိနေကြမည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။
ဒုက္ခသည်များ နေရပ်ရင်း ပြန်ပို့မည့်ကိစ္စနှင့်ပတ်သက်၍လည်း“သူတို့ ဆန္ဒမရှိဘူးဆိုရင် ဒုက္ခသည်တွေကို မြန်မာပြည်ပြန်ဖို့ ကျ နော် တို့ အတင်းအကျပ် မလုပ်ပါဘူး”ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး စုရာဖုန် တိုဝီချတ်ချိုင်ကွန် က ပြောဆိုသည်။