ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံသို့ သွယ်တန်းဖောက်လုပ်နေသည့် ရေနံ နှင့် ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ အနီးရှိ လယ်မြေများအား ယခုနှစ်တွင် စိုက်ပျိုး လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း ဒေသခံ လယ်သမားတို့က ပြောသည်။
အငြင်းပွားဖွယ် ပိုက်လိုင်းတည်ဆောက်ရေးစီမံကိန်းကြောင့် လယ်ဧက ရာနှင့်ချီ မြေဖို့ခံထားရသည်ဟု သိရသည်။
“ပိုက်လိုင်းဘေးမှာ စုပုံထားတဲ့ မြေပုံကြီးက လယ်ကွက်ထဲကို မိုးရေတွေနဲ့အတူ ပြိုကျသွားတော့ လယ်ကွက်က ထွန်စရာမြေ မရှိတော့ဘူး၊ ကုမ္ပဏီကို ပြောတော့လည်း သူတို့ တာဝန် မယူနိုင်ဘူးပဲ ပြောတယ်” ဟု ပျားတဲကျေးရွာမှ လယ်သမားတဦးက ပြောသည်။
ကပ်သပြေ၊ စစ်တော၊ မလာကျွန်း၊ ပျားတဲ စသည့် ကျေးရွာများမှ လယ်သမား ၇၀ ဝန်းကျင်၏ လယ်မြေများ မြေဖို့ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းကို ပါရမီ ကုမ္ပဏီ နှင့် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီတခုတို့ တာဝန်ယူ လုပ်ဆောင်နေကြောင်း လယ်သမားများက ဧရာဝတီကို ပြောသည်။
“ပိုက်လိုင်းတွေကို မြေကြီးပေါ်မှာ ဒီအတိုင်း သွယ်တန်းထားတဲ့ အတွက် နွားတွေ၊ ကျွဲတွေရော လူတွေပါ လမ်းဖြတ်ကူးမရဘူး။ ဖြတ်လို့ရတဲ့ နေရာက ပတ်သွားနေရတော့ ၅ မိနစ်နဲ့ ရောက်မယ့် ခရီးကို တနာရီလောက် ကြာတယ်” ဟု ပျားတဲ ဒေသခံက ဆက်ပြောသည်။
ထိုဒေသရှိ ကပြိန်ချောင်း တာတမံသည် ပိုက်လိုင်း ဖြတ်သန်းသည့် လမ်းကြောင်း၌ ပါဝင်သွား၍ တာရိုး ကျိုးသွားကြောင်း၊ လျော်ကြေးတချို့ ရရှိသော်လည်း တာရိုး ပြန်လည်တည်ဆောက်ရန် ငွေကြေး မတတ်နိုင်သည့် အတွက် ယခုနှစ်တွင် ကပြိန်ချောင်းအနီးရှိ လယ်ဧက ၁,၀၀၀ ဝန်းကျင်တွင် လုပ်ငန်းခွင် ဝင်နိုင်ကြမည် မဟုတ်တော့ကြောင်း သိရသည်။
“လယ်သမား ၁၆၁ ယောက်မှာ ၅၀ ဝန်းကျင်ကိုပဲ တယောက် ကျပ် ၂ သိန်း၊ ၃ သိန်းလောက်ပဲ ရကြတယ်၊ ကျန်တဲ့ ၁၀၀ ကျော်ကို လျော်ကြေး မပေးတော့ ဆည်ပြန်ဆောက်မယ့်လူမရှိ ဖြစ်နေတယ်” ဟု ကပြိန်ချောင်း ရွာခံ တဦးက ရှင်းပြသည်။
ပိုက်လိုင်းစီမံကိန်းကြောင့် လယ်မြေ အသိမ်းခံရမှု၊ လယ်မြေ ဖျက်ဆီးခံရမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည့် ဒေသခံတို့က အာဏာပိုင်များ နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့ထံ တိုင်ကြားထားသော်လည်း ထိရောက်စွာ ဖြေရှင်းပေးမှုများ မတွေ့ရကြောင်း လယ်သမားများက ပြောသည်။
လယ်သမားတို့၏ တိုင်စာများ နေ့စဉ် ရောက်ရှိလာကြောင်း၊ ယနေ့တွင်လည်း ပျားတဲရွာမှ လယ်သမားတစု၏ တိုင်စာ လက်ခံရရှိထားကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်၍ ပြည်သူတို့၏ အခက်အခဲကို အာဏာပိုင်များ၊ လွှတ်တော်များသို့ တင်ပြ ပေးနေကြောင်း ကျောက်ဖြူ ဒေသခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
“ပြည်သူတွေရဲ့ ဆုံးရှှုံးနစ်နာမှုတွေဟာ ကျနော်တို့ လုပ်ပေးနိုင်တာထက် အဆပေါင်းများစွာ ဖြစ်ပွားနေပါတယ်၊ ကျနော်တို့က အုပ်ချုပ်ရေး အာဏာမရှိတော့ ဆုံးဖြတ်ပေးနိုင်ခွင့် မရှိပါဘူး၊ တင်ပြတောင်းဆိုမှု ကတော့ ဆက်တိုက် လုပ်ဆောင်သွားမှာပါ” ဟု ဦးဘရှိန် က ဆိုသည်။
လယ်ယာလုပ်ငန်းခွင် ထိခိုက်ပါက ဒေသတွင်း ဆန်စပါးရှားပါးမှု ဖြစ်လာနိုင်သည်ဟု ဦးဘရှိန်က ရှင်းပြသည်။
ကျောက်ဖြူမြို့နယ်အတွင်း တည်ဆောက်နေသည့် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရေနံသိုလှောင်ကန်၊ ဂက်စ်သန့်စင် စက်ရုံ စသည့် စီမံကိန်းများကို တရုတ်နိုင်ငံမှ China National Petroleum Corporation (CNPC) က ဦးဆောင် တည်ဆောက်နေ ပြီး တရုတ်လူမျိုး ဝန်ထမ်း ၅၀၀ နှင့်တခြား ဝန်ထမ်း ၄၀၀ ဝန်းကျင် တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုစီမံကိန်းများကြောင့် ဒေသခံတို့ ဒုက္ခရောက်ကြကြောင်း ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ဝေဖန်ခံနေရသည့် CNPC ကုမ္ပဏီသည် ပြီးခဲ့သည့်ရက်ပိုင်းက စာနယ်ဇင်းသမားအများအပြားအား ကျောက်ဖြူ မြို့သို့ ဖိတ်ခေါ်၍ စီမံကိန်းအကြောင်း ရှင်းပြခဲ့သည်ဟု သိရသည်။
“အဓိက ဖိတ်တာက သူတို့ ဆောက်ပေးထားတဲ့ စာသင်ကျောင်းကို လိုက်ပြတယ်၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ပေးတယ်၊ သိမ်းထားတဲ့လယ်ယာမြေတွေ လျော်ကြေး မပေးတာ မဟုတ်ဘူး ဆိုတာတွေ ရှင်းပြတယ်” ဟု ခရီးစဉ်၌ ပါဝင်ခဲ့သူ သတင်းထောက်တဦးက ပြောသည်။
သတင်းသမားများအား စီမံကိန်းဒေသသို့ ပထမဆုံးအကြိမ် ခေါ်ယူရှင်းပြခြင်းဖြစ်သည်ဟု သိရသည်။ ခရီးစဉ်အတွင်း ရေနံသိုလှောင်ရုံ၊ ဂက်စ်သန့်စင် စက်ရုံ စသည့် စီမံကိန်းများကို ရှင်းလင်း ပြသမှု မရှိဟု ဆိုသည်။
၂၀၁၀ ပြည့်နှစ်တွင် အစပြုခဲ့သည့် ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ ပိုက်လိုင်း သွယ်တန်းမှု စီမံကိန်းသည် ယခုအခါ ရာခိုင်နှှုန်း ၅၀ ပြီးစီးနေပြီ ဖြစ်သည်။
လာမည့်နှစ် စက်တင်ဘာလမှ စတင်၍ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ နှင့် ရေနံကို တင်ပို့နိုင်မည် ဖြစ်သည်။
တရုတ်နိုင်ငံ သို့ တနှစ်လျှင် သဘာဝဓာတ်ငွေ့ တန်ချိန် ၇ ဘီလီယံ၊ ရေနံတန်ချိန် သိန်း ၂၀၀ အား နှစ်စဉ် တင်ပို့သွားမည်ဟု သတင်းထောက်များကို ရှင်းပြခဲ့ကြောင်း သိရသည်။
ပိုက်လိုင်းစီမံကိန်းများတွင် တရုတ် နှင့် တောင်ကိုးရီးယားမှ ကုမ္ပဏီများ၊ မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ မြန်မာ့ရွှေသဖူ (MGC)၊ သန္တာနဂါး၊ 7-Star, PSC, Myint and Association စသည့် ကုမ္ပဏီများ ပါဝင်နေသည်။