အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်က ၎င်းရရှိခဲ့သည့် နိုဘဲလ်ဆုကို နှင်းအပ်မည့် အခမ်းအနားသို့ ကြိုတင်စာရင်း ပေးသွင်းထားသူ မြန်မာများ တက်ရောက်ခွင့် ရမည်ဟု သိရသည်။
ယင်း နိုဘဲလ်ဆု နှင်းအပ်ပွဲကို လာမည့် ဇွန်လ ၁၆ ရက်နေ့တွင် နော်ဝေးနိုင်ငံ မြို့တော် အော်စလိုတွင် ကျင်းပမည် ဖြစ်ပြီး ထိုအခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အတွင်း ပါဝင်သည့် အစီအစဉ် တခုလည်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ဆုချီးမြှင့်မယ့် မြို့တော်ခမ်းမမှာ ထိုင်ခုံပေါင်း ၉၇၀ လောက် ရှိတော့ နော်ဝေးနိုင်ငံ ပြင်ပက လျှောက်ထားတဲ့ မြန်မာတွေ အပါအဝင် နော်ဝေးက မြန်မာနိုင်ငံသား တော်တော်များများ အခမ်းအနား တက်ရောက်နိုင်မယ့် အကြောင်း နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီဝင် တယောက်က ကျနော့်ကို ပြောပါတယ်။ဖိတ်စာတွေ စပြီး ပို့နေပြီလို့လည်း ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေး ကော်မတီဝင် ဦးကျော်သွင်က ပြောသည်။
နိုဘဲလ် ဆုပေးပွဲ အခမ်းအနားအပြီး ညနေ ၃ နာရီခွဲတွင် အော်စလို ဆိပ်ကမ်းအနီးရှိ နိုဘဲလ်ငြိမ်းချမ်းရေး စင်တာတွင်
ဒေါ်အောင်ဆန်းစုကြည်က နော်ဝေးအပါအဝင် ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊ အင်္ဂလန်နှင့် အမေရိကားနိုင်ငံ အသီးသီးမှ
လာရောက်မည့် မြန်မာများနှင့် မီဒီယာသမားများအား ၄၅ မိနစ်ကြာ တွေ့ဆုံ စကားပြောမည်ဟု သိရသည်။
မြန်မာများနှင့် သီးသန့်တွေ့ဆုံအပြီး ညနေပိုင်းတွင် ဆုပေးပွဲ အခမ်းအနား ကျင်းပမည့် မြို့တော် ခမ်းမရှေ့တွင် လာရောက် နှုတ်ဆက်မည့် လူထုအား ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
၂၄ နှစ်အတွင်း ဒုတိယအကြိမ် နိုင်ငံပြင်ပ ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ၅ နိုင်ငံသို့ လှည့်လည် သွားရောက်ရန် စီစဉ်ထားရာ ဇွန်လ ၁၅ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ အခမ်းအနား၌ မိန့်ခွန်းပြောပြီး ထိုနေ့ မွန်းလွဲပိုင်း၌ နော်ဝေးနိုင်ငံသို့ ခရီးဆက်မည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေးလေဆိပ် အထူးဂိတ်ပေါက်မှ တဆင့် တည်းခိုရာ ဟိုတယ်သို့ တိုက်ရိုက် ခေါ်ဆောင် သွားမည်ဖြစ်ရာ အစောပိုင်းက မြန်မာများ စီစဉ်ထားသည့် အိုးစည်ဒိုးပတ်ဝိုင်းများ မြန်မာ အကများဖြင့် လေဆိပ်မှ စောင့်မျှော် ကြိုဆိုမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း၊ သို့သော် သံတမန်များနှင့် အစိုးရ ဧည့်သည်များသာ တည်းခိုသည့်
Grand Hotel ရှေ့တွင် ကြိုဆိုမည့် အစီအစဉ် ဖြစ်နိုင်ကြောင်း ဦးကျော်သွင်က ဆိုသည်။
“လေဆိပ်အထွက်မှာ အဝေးက လက်ပြရုံလောက်ပဲ ရမှာဆိုတော့ ဟိုတယ်ရှေ့ကပဲ စောင့်ပြီး မြန်မာတွေ ပန်းစည်းဆက်မယ်၊အိုးစည် ဒိုးပတ်ဝိုင်း ပါမယ်။ NLDအလံနဲ့ နော်ဝေးအလံကိုင်ပြီး ကြိုဆိုကြမယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးရောက်မဆိုက် မြန်မာတွေကို ပြောမယ့် နှုတ်ခွန်းဆက် စကားလည်း ကြားရတာပေါ့” ဟု သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နော်ဝေးနိုင်ငံခရီးစဉ် ၃ ရက်တာအတွင်း အစိုးရအဖွဲ့၊ နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီနှင့် အော်စလိုစင်တာမှ တာဝန်ရှိသူများ အပါအဝင် ပညာရှင်များ၊ နော်ဝေး နိုင်ငံ လူမှုအဖွဲ့အစည်း များ၏ သီးခြား ဖိတ်ကြားမှု အစီအစဉ်များ၊ အမေးအဖြေ ကဏ္ဍများနှင့် အစီအစဉ် အပြည့်ဖြစ်နေသည့် အပြင် နိုဘဲလ်ဆု ချီးမြှင့်မည့် အခမ်းအနား မတိုင်ခင် မနက်ပိုင်းတွင်လည်း နော်ဝေးနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဘွန်ဒယ်ဘစ်ခ် ဦးစီးသည့် အော်စလိုစင်တာ၌ အကန့်အသတ်နှင့် ဖိတ်ကြားထားသော နိုင်ငံတကာနှင့် နော်ဝေး တတ်သိပညာရှင် အနည်းငယ်တို့နှင့်အတူ
ဒီမိုကရေစီရေး ဆိုင်ရာ ဆွေးနွေးခြင်းနှင့် အပြန်အလှန် အမေးအဖြေ ပြုလုပ်မည့် အစီအစဉ်ရှိကြောင်းလည်း သိရသည်။
“ကျနော် နောက်ဆုံးအကြိမ် ရန်ကုန်မှာ သူနဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က အော်စလိုကို မိန့်ခွန်းပြောဖို့၊ အင်တာဗျူး အမေးအဖြေ လုပ်ဖို့လောက်နဲ့တော့ မလာချင်ဘူး၊ သူက လူတွေနဲ့ စကားပြောဆို၊ ဆွေးနွေးချင်တာပါလို့ပြောခဲ့တာကို သတိတရနဲ့ အော်စလို ငြိမ်းချမ်းရေး စင်တာ ရုံးခန်းမှာ ဒီက ပုဂ္ဂိုလ်တချို့ကိုဖိတ်ကြားပြီး သူနဲ့တွေ့ဆုံဆွေးနွေးမေးမြန်း စကားပြောကြဖို့ စီစဉ်ထားတာပါ” ဟု ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘွန်ဒယ်ဘစ်ခ်က ပြောသည်။
နော်ဝေးနိုင်ငံ ဘုရင်နှင့် တော်ဝင်မိသားစု တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဘဲလ်ဆု ချီးမြှင့်မည့် ပွဲသည် နိုဘဲလ်ဆု ချီးမြှင့်ခဲ့သည့် သမိုင်းတွင် တကြိမ်မှ မရှိခဲ့ဘူးသော လူတဦးတည်းအား ဒုတိယ အကြိမ် ဆုချီးမြှင့်သည့် အခမ်းအနားတခုဖြစ်သည်။ ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို နေအိမ်အကျယ်ချုပ် ကျခံနေရသူအား ချီးမြှင့်ခဲ့သည်မှာလည်း နိုဘဲလ်ဆု ချီးမြှင့်ရေးသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏
ခင်ပွန်း မိုက်ကယ်လ်အဲရစ် (၁၉၉၉ တွင် ကွယ်လွန်) နှင့် သား ၂ ဦးတို့က ဆု လက်ခံရယူခဲ့သည်။
နိုဘဲလ်ဆု ချီးမြှင့်သည့် အခမ်းအနားကို နော်ဝေးနိုင်ငံတွင် အလွန်ချမ်းအေးလှသည့် ဒီဇင်ဘာလ၌သာ ကျင်းပလေ့ ရှိသော်လည်း ယခု အခမ်းအနားကိုမူ ၁၉၉၁ ခုနှစ်က အခမ်းအနားသို့ ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် အနေဖြင့် ရာသီဥတု ကောင်းမွန်လှပသော ဥရောပ၏ နွေရာသီတွင် သီးသန့် ကျင်းပခြင်း ဖြစ်သည်။
နိုဘဲလ်ဆု လက်ခံအပြီး နောက်တနေ့ ဇွန် ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုများအနက် ပထမဆုံး ချီးမြှင့်ခံရသည့် ဆုဖြစ်သော ရပ်ဖ်တို လူ့အခွင့်အရေး ဆုရွေးချယ်ရေးအဖွဲ့ အခြေစိုက်ရာ နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့သို့ သွားရောက်၍ ဆုလက်ခံမည်ဟု သိရသည်။
၎င်းသည် ဘာဂင်မြို့ရှိ သော်ရိုးရပ်ဖ်တို အဆောက်အဦးအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်ခန်းမ၊ သုတေသနနှင့် ယဉ်ကျးမှု ဆိုင်ရာများ၊ ရပ်ဖ်တိုဆုနှင့် ပတ်သက်သော အကြောင်းအရာ များကို လေ့လာကြည့်ရှုမည့် အပြင် ကြိုတင်ဖိတ်ကြားထားသည့် စီးပွားရေး၊ သုသေသနနှင့် ပညာရေး နယ်ပယ် အသီးသီးရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံစကားပြောမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ခန်းမတွင် နိုင်ငံတကာရောက် မြန်မာများ၏ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေး လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှု ဓာတ်ပုံများ၊ မြန်မာပြည်သူများ၊ သံဃာတော်များ၏ ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သည့် မှတ်တမ်း ဓာတ်ပုံများနှင့် မြန်မာပြည်ဆိုင်ရာ စာအုပ်များ၊ မြန်မာ့အနုပညာ ပစ္စည်းများ ပြသထားကြောင်း ဘာဂင်မြို့နေ ကိုကျော်ထင်က ပြောသည်။
“ကျနော်တို့ ဘာဂင်မြို့က မြန်မာတွေနဲ့ ၄၅ မိနစ် တွေ့ဆုံ စကားပြောဖို့ အချိန်ရမယ်၊ အမေးအဖြေတွေ အတွက်လည်း စီစဉ်ထားပါတယ်။ တိုင်းရင်းသားတွေက လက်ဆောင် ပေးလိမ့်မယ်။ ပန်းကုံးစွပ်တာ၊ ပန်းခြင်းပေးတာတွေ လုပ်မယ်၊ ပြီးတော့ ညနေပိုင်းမှာ ကျောက်တုံးပြာ (Blue Stone) ကြီးရှိတဲ့ မြို့လယ် အပန်းဖြေကွင်းပြင်မှာ ဘာဂင်မြို့သား အားလုံးနဲ့ စုစည်းပြီး လူထုဟောပြောပွဲ တခုလုပ်မယ်” ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နော်ဝေးခရီးစဉ် တခုလုံးတွင် အချိန်မရသောကြောင့် မူလက စိတ်ကူးထားသည့် မြန်မာနိုင်ငံသားများ၏ ရိုးရာအဆိုအက ဖျော်ဖြေရေး အစီအစဉ်များ မလုပ်နိုင်တော့ကြောင်း သူက ဆက်ပြောသည်။
သို့သော်ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာအသိုင်းအဝန်းကမူ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဆိုင်းဝိုင်း အပါအဝင် အဆိုအကများနှင့် ဧည့်ခံမည့် အစီအစဉ်ရှိကြောင်း သိရသည်။
“လန်ဒန်မှာ အကြီးဆုံး လူ ၂၅၀၀ ဆံ့တဲ့ နာမည်ကြီး Royal Festival ခမ်းမကြီးကို ငှားထားတယ်။ တယောက်ကို စတာလင် ၁၀ ပေါင်နဲ့ လက်မှတ်ရောင်းမယ်။ ရန်ကုန်က ရောက်နေတဲ့ ဆိုင်းဆရာ ရွာစားကျော် သီရိမောင်မောင် ရဲ့ဆိုင်းအဖွဲ့က ဧည့်ခံတီးလုံးတွေ တီးပေးမယ်။ အဆိုတော် ဒေါ်မာမာအေးကသီချင်းတွေဆိုမယ်။တိုင်းရင်းသား အကတွေ လည်းပါမယ်။လူရွှင်တော် ကိုဇာဂနာနဲ့ ပန်းချီထိန်လင်းက အခမ်းအနားရဲ့ အစီအစဉ်မှူးတွေ လုပ်မယ်” ဟု လန်ဒန်ရှိ ကြိုဆိုရေး အလုပ်အဖွဲ့ဝင် ကိုမောင်မောင်အောင်က ပြောသည်။
ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် ထိုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာများကို နှုတ်ခွန်းဆက် စကားပြောဆိုမည် ဖြစ်ပြီး သူ့အား ဖိတ်ကြားထားသည့် BBC အသံလွှင့်ဌာနသို့ သွားရောက်မည်ဟု သိရသည်။
လန်ဒန်တွင် ကျင်းပမည့် အစီအစဉ်၌ လက်မှတ်ရောင်းရငွေ တချို့ကို အခန်းငှားရမ်းခ ပေးချေမည် ဖြစ်ပြီး ပိုငွေနှင့် အလှူငွေများအား ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းစေလိုသည့် နေရာများသို့ လှုူဒါန်းမည့့် အစီအစဉ် ပါဝင်မည်ဖြစ်သည်။
ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့ တက္ကသိုလ်မှ ချီးမြှင့်သည့် ဒေါက်တာဘွဲ့ကို လက်ခံယူကာ စကားပြောခြင်းနှင့် ဗြိတိန်ပါလီမန်၌ မိန့်ခွန်းပြောမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဆွီဒင်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ် ဥရောပ ၅ နိုင်ငံ ခရီးစဉ်သည် ဇွန်လ ၁၄ ရက်မ ှ၂၇ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။