ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ၉ ဦးကို ရန်ကုန်တိုင်း ဒေသကြီး အုပ်ချုပ်ရေးမှူးက ခေါ်တွေ့ပြီး တရားဝင်အဖွဲ့ အစည်းအဖြစ် မှတ်ပုံတင်ရန် အသိပေးခဲ့ကြောင်း ဗကသ အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သည့် မဖြိုးဖြိုးအောင်က ပြောသည်။
ဗကသ အဖွဲ့ချုပ်သည် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် အထက်က ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အုပ်ချုပ်ရေးမှူး ဒေါက်တာသန်းအောင်က ပြောဆိုပြီး မှတ်ပုံတင်ရန် နည်းဥပဒေ များကိုလည်း ရှင်းပြခဲ့ကြောင်း သိရသည်။
ဗကသ အနေဖြင့် ယခင်ကလည်း မှတ်ပုံတင်ရိုး ထုံစံမရှိကြောင်း၊ နိုင်ငံတကာတွင်လည်း ကျောင်းသား သမဂ္ဂနှင့် ကျောင်းသား အဖွဲ့အစည်းများမှာ မှတ်ပုံတင်ရန် မလိုကြောင်း၊ ထို့ကြောင့် ဗကသ အနေဖြင့် မှတ်ပုံမတင်နိုင်ဟု ပြန်ပြောခဲ့ကြောင်း မဖြိုးဖြိုးအောင်က ဆိုသည်။
“ဒေါက်တာသန်းအောင်က အသင်းဖွဲ့ရင် ထောင်ဒဏ် ၅ နှစ်ချလို့ရတယ်၊ အသင်းဝင် အဖြစ် ပူးပေါင်းဆောင်ရွက်ရင် ထောင်ဒဏ် ၃ နှစ် ချလို့ရတယ်ဆိုပြီးတော့ ပြောတယ်။ ခြိမ်းခြောက်တာ မဟုတ်ပေမယ့် သတိပေးတဲ့ ပုံစံပဲ” ဟု သူက ပြောသည်။
ဒေါက်တာသန်းအောင်က ခေါ်တွေ့သူများထဲတွင် မဖြိုးဖြိုးအောင် အပါအဝင် ကိုစည်သူမောင်၊ ကိုမင်းသွေးသစ်၊ ကိုကျော်ကိုကို၊ ကိုအောင်ကျော် စသည့် ခေါင်းဆောင်များ ပါဝင်ကြသည်ဟု သိရသည်။
ဒုတိယ ကျောင်းသားသပိတ် အပြီး ပထမ အကြိမ်မြောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံ၏ ဆုံးဖြတ်ချက်အရ ၁၉၃၆ ခုနှစ် မေလ ၈ ရက်တွင် ဗကသ ကို စတင် ဖွဲ့စည်းခဲ့ကြသည်။ ပထမဆုံး ဗကသ ဥက္ကဋ္ဌမှာ ကိုရာရှစ်ဖြစ်ပြီး၊ ဒုတိယ ဥက္ကဋ္ဌမှာ ကိုအောင်ဆန်း ဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေး ကောင်စီက ပစ်ခတ် နှိမ်နင်းခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့်ခွဲ၍ ဖြိုချ ဖျက်ဆီးခဲ့သည်။ ၎င်းနောက် ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ကိုလည်း ပိတ်ပင်ခဲ့ရာ ယခုအချိန်ထိ အစိုးရက အသိ အမှတ်ပြုခြင်း မခံရသည့်အဖွဲ့အစည်း အဖြစ် ရပ်တည်နေရသည်။
၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ သြဂုတ် ၂၈ ရက်နေ့တွေင် ဗကသကို ပြန်လည်ဖွဲ့စည်းက ကိုမင်းကိုနိုင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။