တပ်မတော်အနေဖြင့် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုအား ရာနှုန်းပြည့် ထောက်ခံကြောင်းနှင့် အနာဂတ်နိုင်ငံရေးတွင် တပ်မတော် အခန်းကဏ္ဍ လျှော့ချသွားမည်ဟု ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုပြီး အားရကျေနပ်ကြောင်း ပြောဆို လိုက်သည်။
“ဗိုလ်ချုပ်ကြီး လှမင်းကလည်း အခုလိုပြောတယ်ဆိုတော့ တကယ်ကို အားရပါတယ်၊ တပ်မတော်ဟာ အစဉ်အမြဲ ရနေတဲ့ အခွင့်အရေးတွေကို သိမ်းထားချင်တဲ့ တပ်မတော်မျိုး မဟုတ်ဘူး၊ နိုင်ငံနဲ့သင့်တော်တဲ့ အခြေအနေတခုကို ဖန်တီးထားတဲ့ တပ်မတော်လို့ ပြလိုက်တဲ့ အနေနဲ့ ကြိုဆိုပါတယ်၊ အဲဒီအတွက်လည်း အားရကျေနပ်မိပါတယ်”ဟု ယမန်နေ့က NLD ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းက ဇွန် ၂ ရက်နေ့က ကျင်းပခဲ့သည့် အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ (Shangri-la Dialogue)၌ သင့်လျော်သည့် ကာလတခုရောက်လျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချသွားမည်ဖြစ်ပြီး လက်ရှိ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကို တပ်မတော်အနေဖြင့် ရာနှုန်းပြည့် ထောက်ခံ၍ အရပ်သားအစိုးရ၏ညွှန်ကြားမှုများကို လိုက်နာသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ခြင်းကို ဒေါ်အောင် ဆန်းစုကြည်က အားလုံးအတွက် အနာဂတ် ခြေလှမ်းများကို အတူလက်တွဲသွားချင်ကြောင်း တုံ့ပြန်ပြောကြားခြင်းလည်း ဖြစ် သည်။
“ကျမက တပ်မတော်နဲ့အမြဲပဲ လက်တွဲပြီးတော့ လုပ်ချင်တယ်။ ကျမတို့ တပ်မတော် အတွက်ရော၊ ကျမတို့ နိုင်ငံ အတွက် ရော၊ ကျမတို့ နိုင်ငံရေးသမားတွေ အတွက်ရော သိက္ခာရှိမယ့် ခြေလှမ်းတွေကို အတူတူ လက်တွဲပြီးတော့ လှမ်းချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက စစ်တပ်ကိုယ်စားလှယ်မပါသည့် လွှတ်တော် ဖြစ်ရန်၊ လူထုကိုယ်စားပြု လွှတ်တော်ဖြစ်ရန် အချိန်စောသေးကြောင်းနှင့် စစ်တပ်တွင်း၌လည်း ဒီမိုကရေစီရှိကြောင်း ပြီးခဲ့သည့် မေလ အတွင်းက ဗြိန်တိန် နိုင်ငံသို့ ရောက်ရှိစဉ် ဘီဘီစီ သတင်းဌာနသို့ ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ၌ နေရာအများစု အောင်နိုင်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးနှင့်ပတ်သက်၍ တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့အား ချဉ်းကပ် လုပ်ဆောင်သွားမည် ဖြစ် ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယာနှင့် တယ်လီဖုန်းကတဆင့် ပြောဆိုခဲ့သေးသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီကသွားရောက်ခဲ့သော နှစ်ပေါင်း၂၄ နှစ်အတွင် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ် သည့် ထိုင်းနိုင်ငံ ခရီးစဉ်သည် မြန်မာအစိုးရကို ထိခိုက်မှု မရှိကြောင်း၊ ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေးနှင့် ဒုက္ခသည်များ အရေးကို ထိုင်းတာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အားကောင်းစေရန် ကြိုးစားသွားချင်ကြောင်းလည်း ပြောဆိုခဲ့သည်။
သို့သော် သမ္မတအကြံပေးအဖွဲ့ဝင်တဦးဖြစ်သည့် ဒေါက်တာနေဇင်လတ်က The New York Times သတင်းစာတွင် မှတ်ချက် ပေးထားသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် မြန်မာနိုင်ငံ အပေါ် ရင်းနှီး မြှုပ်ပ်နှံသူများကို ဒေါ်အောင်ဆန်စုကြည်က အကောင်းမမြင်စေလိုဘဲ သတိထားသင့်ကြောင်း ပြောဆိုခဲ့မှုများကို ဝေ ဖန် ထောက်ပြထားသည်။
“ကျမကတော့ ကျမတို့နိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကျမမြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ တချို့က လည်း ဒါကို သိပ်မကျေနပ်ဘူးလို့ ကျမ ကြားပါတယ်။ ဒါပေမယ့် ကျမ ပြောခဲ့တဲ့ကိစ္စတွေ အားလုံးဟာ ကျမမြင်တဲ့အတိုင်း ရိုးရိုး သားသား၊ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုင်းခရီးစဉ်ကို အောင်မြင်သည့်ခရီးစဉ်ဖြစ်သည်ဟု ပြောဆိုလိုက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ ခရီး စဉ်ကိုလည်း လာမည့် ဇွန်လ ၁၃ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း၊ ထိုမှတဆင့် နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နိုင်ငံ များသို့ သွားရန်ရှိကြောင်း အသေးစိတ်ကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသည်။
မကြာသေးခင်က ဖြစ်ပွားသည့် ရခိုင်ပြည်နယ်က ပဋိပက္ခများနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က တရား ဥပဒေ စိုးမိုးရေးသည် အလွန်အရေးကြီးကြောင်း ထပ်လောင်းပြောဆိုလိုက်ပြီး လူအများစုက လူနည်းစုအပေါ် ကရုဏာထားတတ်ရန်နှင့် ဒေါသရှေ့မထားကြရန်လည်း သတိပေးစကား ပြောဆိုခဲ့သည်။
“ဒီလို ပြဿနာတွေ ဖြစ်လို့ရှိရင် ကျမ အတွေးက ကိစ္စနှစ်ခုဆီကို ရောက်သွားတယ်။ နံပါတ် တစ် ကတော့ ဥပဒေ စိုးမိုးရေး ပဲ။ နှစ် ကတော့ လှုံ့ဆော်တဲ့သူများ ရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု။ ဒီ နိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင်၊ ပထမဆုံး၊ ပြဿနာ တခုဖြစ်ပြီ၊ ရာဇဝတ်မှုတခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ်ဆိုရင် ဒီ ပြဿနာတွေဟာ ကြီးမား သွားနိုင်စရာမရှိဘူး။ ပြဿနာတခု မရှင်းလိုက်တာနဲ့ နောက်တခု ထပ်ပြီး ကြီးကြီး ကျယ်ကျယ် ပေါ်လာပြီ။ ဒါဟာ ဥပဒေပိုင်း ဆိုင်ရာ အဖွဲ့တွေက ရှင်းလင်းရမယ့်ပြဿနာ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။