မြန်မာနိုင်ငံရှိ အလုပ်သမားများ ဘ၀ လာမည့် ၂ နှစ်အတွင်း လုံးဝပြောင်းလဲစေရန် အာမခံသည်ဟု အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောလိုက်သည်။
မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လက်ရှိ ရှင်သန်နေထိုင်ရသည့် အခက်အခဲများကို သိရှိကြောင်းနှင့် လက်ရှိပြဌာန်းထားသည့် အလုပ်သမားများ အခွင့်အရေးဆိုင်ရာ ဥပဒေများသည်လည်း ခေတ်မမီတော့ဘဲ လိုအပ်ချက်များ ရှိနေကြောင်းနှင့် အလုပ်သမားများဘ၀ တိုးတက်ရန် လုပ်ဆောင်နေကြောင်းကို ဇွန် ၃ ရက်နေ့က ရန်ကုန်တွင် ကျင်းပသည့် CMP (လက်ခစား) လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် သတင်းထောက်များအား ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အလုပ်သမား အခွင့်အရေး တိုးတက်ရရှိစေရန် ဥပဒေအသစ် ၂ ခုထပ်မံရေးဆွဲနေပြီး ၈ ခုကိုပြင်ဆင်ရေးဆွဲ နေကြောင်း၊ယင်းဥပဒေများကိုလည်း လွှတ်တော်က အမြန်အတည်ပြုနိုင်ရန် ကူညီကြစေလိုကြောင်း ယင်းပွဲ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် များအား ဦးအောင်ကြည်က တိုက်တွန်းလိုက်သည်။
အလုပ်သမား ဆန္ဒပြမှု တချို့သည် ဥပဒေ အပြင်ဘက် ရောက်နေပြီး ဆူပူရမ်းကားမှု အသွင်ဆောင်နေကြောင်း အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ၎င်းက ဆိုသည်။
ယင်း အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကလည်း အလုပ်သမားများမှာ တိုက်ဆောက် ကားစီးခွင့်ရရန် တောင်းဆို နေခြင်းမဟုတ်ဘဲ စားဝတ်နေရေး အတွက် တောင်းဆို ခြင်းသာ ဖြစ်ကြောင်း၊ အကူအညီပေးသူများအား လှုံ့ဆော်နေသူများအသွင် မမြင်စေချင်ကြောင်း ဝန်ကြီး ၄ ဦး အပါအဝင် ဆွေးနွေးပွဲ တက်ရောက်သူများကို ရှင်းလင်းပြောကြားသည်။
“ဆာလောင်သူတွေကို ဆူလောင်သူတွေလို့ မသတ်မှတ်ဖို့ အရေးကြီးပါတယ်” ဟု သူက ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ကြီး ဋ္ဌာနတချို့မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပညာရှင်များစွာ တက်ရောက်ခဲ့သည်။
မေလနှင့် ဇွန်လဆန်းကာလအတွင်း အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ရရှိရေး အပါအဝင် အလုပ်သမား အခွင့်အရေး များအတွက် ရန်ကုန်ရှိ စက်ရုံ ၅၇ ရုံမှ အလုပ်သမား ၃၆၈၁၀ ခန့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်လျှက် ရှိကြောင်း အလုပ်သမားဝန်ကြီးက ဆိုသည်။