တနင်္သာရီတိုင်း ကော့သောင်း ခရိုင် ခမောက်ကြီး မြို့နယ်တွင်းက ပါချန်မြစ် ရေလျှံမှုကြောင့် မြစ်ကြောင်း တလျှောက်ရှိ ကျေးရွာ ၆ ရွာ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူဦးရေ ၇၀၀ ကျော်မှာ အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေ ကြရကြောင်း ရွာခံများက ပြောသည်။
တပတ်ကျော်ကြာ မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ပါချန်မြစ်ရေသည် ယခုလ ၄ ရက်နေ့မှ စတင်ကာ မြစ်ကမ်းစပ် တလျှောက်ရှိ ကျေးရွာ ၆ ရွာအနက်မှ ဖုတ်သုတ်၊ အေးချမ်းသာနှင့် ဆိတ်ဖူး ကျေးရွာများမှာ ရွာလုံးကျွတ် နီးပါး ရေမြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မိုးက ဆက်တိုက် ရွာတော့ တနင်္လာနေ့မှာ ရေက စတက်လာတယ်။ အင်္ဂါနေ့ ညကျတော့ အိမ်ခေါင်မိုးတွေပါမြုပ်ကုန်တယ်။ လူတွေကတော့ ကိုယ်လွတ်ရုန်းပြီး ကုန်းမြင့်တဲ့နေရာတွေကို ပြောင်းနေကြတယ်”ဟု ဖုတ်သုတ် ကျေးရွာ မူလတန်း ကျောင်းအုပ် ဆရာမ ဒေါ်နီအေး က ဧရာဝတီသို့ ပြောသည်။
မြစ်ရေတက်မှုကြောင့် အိုးအိမ်များကို စွန့်ပြီး ကုန်းမြင့်ပိုင်းများတွင်ရှိသော ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ခိုလှုံနေသော ရေ ဘေး ဒုက္ခသည်များအား ဒေသအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များ၊ ဒေသခံ ပုဂ္ဂလိက စေတနာရှင်များနှင့် ကော့သောင်း ခရိုင် အာဏာပိုင်များ က ခေါက်ဆွဲခြောက်နှင့် ထမင်းထုပ်များ ကူညီပေးနေရကြောင်း သိရသည်။
အိမ်ခေါင်မိုးများပါ နစ်မြုပ်ခဲ့သော ကျေးရွာများမှာ မြစ်ရေတက်စဉ်က အဝတ်အထည်၊ အစားအသောက်၊ ပရိဘောဂ ပစ္စည်းများနှင့် အိမ်မွေး တိရစ္ဆာန်များ ရေထဲမျောပါသွားခဲ့ရကြောင်း၊ စာသင်ကျောင်းများလည်း ရေမြုပ်နေသဖြင့် လတ်တလောတွင် ကျောင်းများ ယာယီ ပိတ်ထားရကြောင်း ရေဘေး ဒုက္ခသည်များက ပြောသည်။
“ရေတက်တာက တဖြည်းဖြည်းတက်တာဆိုတော့ လူတွေကတော့ တိမ်းရှောင်လို့ ရတော့ အသေအပျောက် မရှိဘူးပေါ့။ ပစ္စည်း တွေတော့ သယ်ချိန်မရတော့ အကုန်ဆုံးရှုံးတာပေါ့”ဟု အေးချမ်းသာရွာမှ NLD အဖွဲ့ဝင် ဒေါ်တင်နွဲ့ က ဧရာဝတီသို့ ပြောသည်။
အလားတူ မိုးဆက်တိုက် ရွာသဖြင့် မွန်ပြည်နယ်၊ သထုံခရိုင် ပေါင်မြို့နယ်ရှိ သဲကုန်းကျေးရွာပိုင် လယ်ဧက ၇၀၀ ကျော် လည်း မုတ္တမ ပင်လယ်ကွေ့မှ တက်လာသော ပင်လယ်ရေငန်များ ဝင်သဖြင့် ပျိုးစပါးများ ပျက်စီးကုန်ကြောင်း ဒေသခံများ ပြောပြသည်။
ယခင်က ပင်လယ်ရေမဝင်နိုင်ရန် တားဆီးထားသော တာဘောင်များရှိသော်လည်း ယခုလ ၄ ရက်နေ့က ဇင်းကျိုက်တောင်၊ နွားလပို့တောင်နှင့် တောင်ညိုတောင် တို့မှ စီးကျလာသော တောင်ကျရေများ ဝပ်နေသဖြင့် တာဘောင်ချိုး၍ ရေလွှတ်ထုတ်ရာ ထိုနေရာမှတဆင့် ပင်လယ်ရေများ ဝင်ရောက်လာပြီး ပျိုးထားသော စပါးများ ပျက်စီးကုန်ရခြင်းဖြစ်ကြောင်း လယ်သများက ပြော သည်။
“မျိုးတွေကတော့ ဆုံးပြီပေါ့ဗျာ။ ရေငန်တွေဝင်တော့ နောက်ထပ်စိုက်ပျိုးဖို့ အခက်တွေ့တာပေါ့။ ဒါပေမယ့် အခုရွာနေတဲ့ မိုးကြောင့် အငန်ဓာတ်တွေ ပျောက်သွားမယ်လို့ထင်တာပဲ။ တာဘောင်ပိတ်ခွင့်ပေးဖို့ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ကျနော်တို့ လယ်ပိုင်ရှင် ၅၈ ယောက်က သွားတောင်းဆိုထားတယ်။ ပြန်ပိတ်ခွင့်တော့ ပေးလိုက်ပါပြီ”ဟု ရွာခံ ဦးကြည်အေး က ပြောသည်။
နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ၏ ယခုလ ၄ ရက်နေ့က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအောက်ပိုင်းတွင်မိုးပိုများ လာနိုင်သည်ဟု ဆိုသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်း နေကြောင်း မြစ်ဝကျွန်း ပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် မိုးသက်လေပြင်း ကျရောက်စဉ် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။