ရခိုင်ဒေသ၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် ဘာသာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ထိုအဖွဲ့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံ ရပ်မိ ရပ်ဖများနှင့် အစ္စလမ်ဘာဝင် ရပ်မိရပ်ဖများ စသည်တို့ပါ ဝင်ပြီး စုစုပေါင်း လူ ၄၀ ဖြင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး အဖွဲ့တဖွဲ့ကို စစ်တွေမြို့၌ ယမန်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒေသတွင်း နေထိုင်ကြသည့် ရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများနှင့် အစ္စလမ်ဘာသာဝင်များ အားလုံးငြိမ်းချမ်းစွာ နေထိုင် သွားလာနိုင်ရေး၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားရေး စသည်တို့အား ထိန်းသိမ်းသွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး ဦးအောင်သန်းတင်က ပြောဆိုသည်ဟု နိရဉ္စရာ သတင်းဌာန၌ ရေးသားထားသည်။
“အဓိကကတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မပေါ်ပေါက်ရေး ကြိုးပမ်း တားဆီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့တာ ပါပဲ။ အခု စစ်တွေမှာ ကောလာဟလတွေ သိပ်ပျံ့နေတယ်။ ဒါတွေဟာ မှားသလား မှန်သလားဆိုတာကို ဒီအဖွဲ့က သေချာ စိစစ်ပြီး ရခိုင်တွေ ဘက်ကိုရော၊ အစ္စလမ် ဘာသာဝင်တွေ ဘက်ကိုရော သက်ဆိုင်ရာ ခေါင်းဆောင်တွေက ရှင်းပြသွားမယ်” ဟု ဦးအောင်သန်းတင်က ဆို သည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြျို့နယ် ကျောက်နီမော် ဒေသ၌ အမျိုးသမီး တဦးအား အမျိုးသား ၃ ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ် ခဲ့ခြင်း၊ ပစ္စည်းများ လုယူခဲ့ခြင်း ကိစ္စနှင့် ဆက်စပ်၍ တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ် ခံရသည့် ကိစ္စ၊ စစ်တွေမြို့၌ လူထု အုံကြွမှု ဖြစ်ပေါ်ခဲ့၍ ရဲတပ်ဖွဲ့က ပစ်ခတ် နှိမ်းနင်းခဲ့သည့် ကိစ္စတို့အား စုံစမ်းဖော်ထုတ်ရေးအတွက်လည်း ပြည်ထောင်စု အစိုးရ က စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းလိုက်သည်။
ထိုအဖွဲ့၌ ပြည်ထောင်စု အဆင့် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ဒု ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိချုပ် ဦးစံရွှေမောင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေဝင်း စသည်ဖြင့် ဌာနဆိုင်ရာ ဝန်ထမ်း စုစုပေါင်း ၁၆ ဦး ပါဝင်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
၎င်းအဖွဲ့သည် မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ အုပ်စုဖွဲ့ ကျူးလွန်ရန် လှုံ့ဆော်သူများ၊ ဦးဆောင်သူများ၊ ပြစ်မှု ကျူးလွန် သူများ၊ အခင်း မဖြစ်မီနှင့်ဖြစ်ပြီး ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်နိုင်မှု အခြေအနေများကို လုပ်ဆောင် သွားမည်ဟု အစိုးရ သတင်းစာများက ဆိုသည်။
ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ စတင်ခဲ့ရာ ကျောက်နီမော် ဒေသ၊ တောင်ကုတ်မြို့၊ စစ်တွေမြို့၊ ကျောက်ဖြူ မြို့တို့ ၏ အခြေအနေသည် တည်ငြိမ်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ဖြစ်သည့် ဘူးသီးတောင်၊ မောင်တောမြို့များ၌ လုံခြုံရေး အခြေအနေကို ပုံမှန်ထက် အနည်းငယ် တိုးမြှင့်ထားကြောင်း၊ တောင်ကုတ် မြို့၌ အသတ်ခံခဲ့ရသည့် လူ ၁၀ ဦး၏ ရုပ်ပုံများအား ဘူးသီးတောင်မြို့၌ ဖြန့်ဝေ ခဲ့သည့် အတွက် ဒေသခံတချို့ကို ရဲတပ်ဖွဲ့ က ယမန်နေ့က ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ ယနေ့တွင် ပြန်လည် လွှတ်ပေးခဲ့ပြီ ဖြစ်ကြောင်း ဘူးသီးတောင် ဒေသခံများက ပြောသည်။
သံတွဲမြို့၏ အခြေအနေသည်လည်း တည်ငြိမ်ကြောင်း၊ တောင်ကုတ်မြို့ ပဋိပက္ခနှင့် ဆက်စပ်၍ ခေတ္တပိတ်ထားခဲ့သည့် သံတွဲ နည်းပညာ ကောလိပ် (GTC) ကျောင်းသည်လည်း ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။