သတင်း

အင်းစိန်ထောင် ဝမ်းပျက် ဝမ်းလျှော ဖြစ်နေ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားမှုကြောင့် ပြင်ပဆေးရုံများသို့ပါ ပို့ဆောင်၍ ဆေး ကုသမှု ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

အင်းစိန် အကျဉ်းထောင် (ဓာတ်ပုံ - Nic Dunlop)
အင်းစိန် အကျဉ်းထောင် (ဓာတ်ပုံ - Nic Dunlop)

ထောင်တွင်း အစား အသောက်များ မသန့်ရှင်း မှုကြောင့် အဆောင် ၅ နှင့် ၆ တွင် ဝမ်းပျက်မှုများ ပြီးခဲ့သည့် အပတ်အတွင်း စတင်ဖြစ် ပွားခဲ့ပြီးနောက် အခြား အဆောင်များပါ ဆက်လက် ဖြစ်ပွား၍ သေဆုံးမှုပင် ရှိခဲ့ကြောင်း ထောင်နှင့် နီးစပ်သူများက ပြောသည်။

“အင်းစိန်ဆေးရုံကို တင်ရတဲ့ အထဲက တယောက် မနေ့က ဆုံးသွားတယ်။ ဘယ်နယ်ကလဲ ဆိုတာတော့ မသိရသေးဘူး။ အင်းစိန် ဆေးရုံမှာ ၁၅ ယောက်ကျော်၊ ရန်ကုန် ဆေးရုံကြီးမှာ ၁၀ ယောက်ကျော် တင်ထားရတယ်။ ထောင်ထဲက ဆေးရုံမှာ ၂၀၀ ကျော် တင်ထားရတယ်။ အဆောင် တွေထဲက ဝမ်းပျက်တဲ့ သူတွေကို အဆောင် သီးသန့် ခွဲထားပြီး ကုပေးနေ ကြတယ်”ဟု ထောင်နှင့် နီးစပ်သူ တဦးက ပြောသည်။

အမျိုးသားဆောင်မှ စတင်ခဲ့သော ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားမှုသည် အမျိုးသမီး အဆောင်များတွင်လည်း ဖြစ်ပွားနေကြောင်း သိရ သည်။

“မိန်းကလေးဆောင်မှာလည်း ဖြစ်နေတယ်။ အဆောင်တော်တော်များများမှာလည်း ဖြစ်နေတယ်။ ဝမ်းပျက်တဲ့သူကို အဆောင်မှာ မထားဘဲ သီးသန့်ဆောင်ထဲ ခွဲထားတယ်။ တချို့က ဂိတ်၀ ဖျားနာဆောင်မှာ။ ကျနော့် ညီမလည်း ဝမ်းပျက်နေတယ် ပြောတယ်။ ဓာတ်ဆားတွေ ဘာတွေ ပို့ရမလားဆိုတော့ အဲ့ဒါတော့ မလိုသေးဘူးလို့ ပြောတယ်”ဟု ထောင်ဝင်စာတွေ့ခဲ့သည့် အကျဉ်းသား မိသားစုဝင် တဦးက ပြောပြသည်။

ထိုသို့ ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားနေမှုကြောင့် ထောင်ဝင်စာပေးပို့သည့် အစားအသောက်များကို ကန့်သတ်ကြပ်မတ်မှုများ ပြုလုပ် နေသည်ဟုလည်း သူက ဆိုသည်။

“အချဉ် ထုတ်တို့၊ အချဉ် ပါတာတို့၊ ငရုတ်သီး ပါတာတွေ မသွင်းရဘူး။ ဘာလချောင်ကြော်တို့ ငါးပိ၊ ငါးခြောက်ကြော်တို့မှာတောင် ငရုတ်သီးပါရင် မသွင်းရဘူး။ ထောင်က ညွှန်ချုပ်တွေရော၊ ညွှန်မှူးတွေရော ထောင်ထဲလာကြည့်တယ်။ ဆေးရုံတွေ သွားကြည့် တယ်”ဟု ထောင်ဝင်စာတွေ့ခဲ့သည့် အကျဉ်းသား မိသားစုဝင် က ပြောသည်။

အင်းစိန်ထောင်တွင်း အစားအသောက်များ မသန့်ရှင်းမှု၊ ကျန်းမာရေးနှင့် မညီညွတ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက် သတင်းများ မကြာခဏထွက်ပေါ်လေ့ရှိသော်လည်း ၂၀၁၁ ခု ဒီဇင်ဘာလအတွင်းက အစိုးရသစ် လက်အောက်ခံ လူ့အခွင့်အရေး ကော်မရှင်၏ ထောင်တွင်း သွားရောက် စစ်ဆေးမှု အစီရင်ခံစာတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ကောင်းမွန်ကြောင်း၊ အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်ကြောင်း ဖော်ပြထားသည်။

Loading