
အိမ်အကူအလုပ်သမ တဦးအား မီးပူ၊ ဓား၊ ပုလင်းများနှင့် လက်ရောက် ကျူးလွန်မှုဖြင့် တရားစွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ရှာဖွေနိုင်ခြင်း မရှိသေးသဖြင့် ယင်းအမှုကို မဖော်ထုတ်နိုင်သေးကြောင်း ပဲခူးမြို့နယ် ရဲတပ်ဖွဲ့ က ပြောသည်။
တရားလို အသက် ၁၅ နှစ်အရွယ် မအေးယုအောင်က အိမ်အကူအဖြစ်လုပ်ကိုင်စဉ် အိမ်ရှင်က ၎င်းအား နှိပ်စက်မှုများနှင့် ပတ် သက် ၍ ပဲခူးမြို့ အမှတ်(၃) ရဲစခန်းတွင် မေလ ၃ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။ ထိုအမှုမှာ တလကျော် ကြာပြီဖြစ်သော် လည်း တရားခံမှာ တိမ်းရှောင်နေသဖြင့် အမှုဖော်ထုတ်ရန် ခက်ခဲနေကြောင်း အမှတ်(၃) ရဲစခန်းမှူး ဦးသိန်းဦး က ဧရာဝတီသို့ ပြော ပြသည်။
“တရားခံက ထွက်ပြေးနေတယ်။ နေတတ်တဲ့နေရာတွေ လိုက်ဖမ်းတော့ အဲဒီနေရာတွေမှာ သူမရှိဘူး။ ကျနော်တို့လည်း လိုက်ဖမ်း နေတာပဲ။ တရားခံက တိမ်းရှောင်နေ၊ ပုန်းနေတဲ့အခါကြတော့ မမိသေးဘဲ ဖြစ်နေတာ”ဟု ဦးသိန်းဦးက ဆိုသည်။
ဒေါ်ဖြူဝင်းသက်အမှုဖြစ်ပြီးနောက် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်းကို ပဲခူးတရားရုံးက တောင်တွင်းကြီးမြို့နယ်သို့ ရွှေ့ပြောင်း တာဝန် ပေးအပ်ခဲ့ပြီးနောက် ပဲခူးရဲတပ်ဖွဲ့အနေဖြင့် တောင်းတွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ အကူညီဖြင့် ထိုနေရာကို သွားရောက် စစ်ဆေး ခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ဦးသိန်းဦးက ဆက်ပြောသည်။
ရဲကတရားခံဟု သတ်မှတ်ထားသော ဒေါ်ဖြူဝင်းသက် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ တာဝန်နှင့် တောင်းတွင်းကြီးမြို့ကို ရောက်ရှိနေသော ဦးအောင်ဖုန်းဝင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းအနေဖြင့် တောင်တွင်းကြီးမြို့တွင် ရွှေ့ပြောင်း တာဝန် ထမ်းဆောင်နေခြင်းဖြစ်သော်လည်း ဒေါ်ဖြူဝင်းသက်နှင့် အဆက်အသွယ်ပြတ်တောက်နေသည်မှာ တလကျော်ခဲ့ပြီဖြစ်ကြောင်းနှင့် နေရပ်ကိုလည်း စုံစမ်း၍ မရကြောင်း ပြောသည်။
“ကျနော့်အမျိုးသမီး အိမ်ကထွက်သွားတာ တလလောက်ကြာပြီဗျ။ ကျနော်နဲ့ စကားများပြီး ရန်ဖြစ်သွားတာ ဆိုတော့လေ။ ကျနော် လည်း ရှာနေတာပဲ၊ အဆက်အသွယ်မရသေးဘူး ဖြစ်နေတယ်”ဟု ဦးအောင်ဖုန်းဝင်း က ပြောဆိုသည်။
ပုန်းရှောင်နေသူ ဒေါ်ဖြူဝင်းသက်ကို ပဲခူးရဲနှင့် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်းတို့ ရှာမတွေ့နိုင်ဘဲဖြစ်နေသော်လည်း တရားခံဘက် က ဆွေမျိုးများက တရားလိုဘက်မှ အမှုကျေအေးပေးစေရန် ပဲခူးတိုင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဥက္ကဌ မင်္ဂလာရာမ ကျောင်းတိုက် ဆရာတော် ဦးနန္ဒဝံသ ထံ လာရောက်လျှောက်ထားမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့ကြောင့် ဆရာတော် ဦးနန္ဒဝံသ ကလည်း မအေးယုအောင်၏ အမှုဖြစ်စဉ်ကို လိုက်ပါဆောင်ရွက်ပေးနေသော လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် ကို ဆက်သွယ်ရန်ကြိုးစားနေကြောင်း ဆရာတော် ဦးနန္ဒဝံသ က မိန့်ကြားသည်။
“ဒေါ်ဖြူဝင်းသက်နဲ့တော့ တိုက်ရိုက် မတွေ့ရသေးဘူး။ သူ့ဆွေမျိုးတွေဆီကနေတဆင့် လာလျှောက်ထားတာပါ။ ဘုန်းကြီး တို့က လည်း လုပ်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဦးအေးမြင့်ကိုတော့ ဟိုတနေ့က လမ်းမှာတွေ့လို့ ဒီကိစ္စ ပြောဖို့ ကျောင်း လာခဲ့ဦးလို့ ခေါ်ထားတယ်။ ခုထိမလာဘူး။ ဘုန်းကြီးတို့ဘက်ကတော့ သူတို့ဘက်က တောင်းဆိုတာလုပ်ပေးရမှာပေါ့”ဟု ဆရာတော် ဦးနန္ဒဝံသ က ဧရာဝတီသို့ မိန့်သည်။
အမှုဖြစ်စဉ်ကို တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသူ ရှေ့နေဟောင်း ဦးအေးမြင့်က တရားခံဘက်မှ သြဇာရှိ ဆရာတော်များ၏ အထောက်အကူကိုယူကာ ဆက်သွယ်မှုများပြုလုပ်လာသော်လည်း တရားဥပဒေအရ အမှုမှန်ဖြစ်ပေါ်ရေးကိုသာ ဦးစားပေး ဆောင်ရွက် သွားမည်ဟု ဆိုသည်။
“တရားခံနဲ့ပတ်သက်တဲ့ နောက်က ဆွေမျိုးတွေက ဘုန်းကြီးတွေကိုကပ် အဲဒီကနေတဆင့် ကျနော့်ဆီကိုရောက်ရော၊ တရားလို ဘက်က ကျေနပ်ပေးဖို့ပေါ့။ ထိုက်ထိုက်တန်တန် နစ်နာကြေးပေးပါ့မယ်တို့ လုပ်နေတယ်။ ကာယကံရှင်ဆီကို တိုက်ရိုက် မသွားရဲတော့ ကျနော့်ဆီ ရောက်တယ်။ ကျနော်က ငြင်းလိုက်ပါတယ်”ဟု ဦးအေးမြင့် က ပြောသည်။
တရားလိုဘက်မှ ရဲစခန်းတွင် အမှုဖွင့်စဉ် ထွက်ဆိုချက်များအရ ယခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က အိမ် အကူ မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်အထိ ဒဏ်ရာ များ ရရှိထားသကဲ့သို့ ဝမ်းဗိုက်တွင်လည်း ဓားနှင့် ခုတ်ထားပြီး ဦးခေါင်းတွင် ပုလင်းနှင့် ရိုက်ထားကြောင်း ထွက်ဆို ထားသည်ဟု သိရသည်။
လတ်တလောတွင် လက်ရောက်ကျူးလွန်သူ ဒေါ်ဖြူဝင်းသက်ကို အမှုဖွင့်တိုင်ကြားထားသကဲ့သို့ မိဘထံ ပြန်မပို့ဘဲ ဒဏ်ရာများပျောက်ကင်းသည်အထိ ထိန်းချုပ်ထားခြင်းနှင့် ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန် ကြိုးစားခဲ့သော တရားသူကြီး ဦးအောင်ဖုန်းဝင်းနှင့် အမှု ထိန်ချန်ရန် ကြိုးစားခဲ့သော အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦးကိုလည်း လမ်းပြကြယ် အကူအညီဖြင့် ဆက်တိုက် တရားစွဲဆိုသွားမည်ဟု တရားလိုဘက်က ပြောသည်။
ထို့အတူ ဦးအောင်ဖုန်းဝင်းက အမှုဖြစ်စဉ်အားဖျောက်ဖျက်ရန် ကြိုးစားရာတွင် ဝိုင်းဝန်းကူညီခဲ့ကြသော မအေးယုအောင်၏ ဇာတိ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ယင်းမြို့နယ် တရားသူကြီး ဦးသက်ထွန်း တို့ကိုလည်း စစ်ဆေးရန် တိုင်ကြားထားကြောင်း ဦးအေးမြင့် ကလည်း ပြောသည်။
တရားလိုဖြစ်သူ မအေးယုအောင်သည် ယခုအခါ မိခင်ဖြစ်သူနှင့်အတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် နေထိုင်လျက်ရှိသည်။ သို့သော် အိမ်ရှင်ဒေါ်ဖြူဝင်းသက် က မအေးယုအောင်အား ပုလင်းဖြင့်ရိုက်ထားခဲ့သည့် ဦးခေါင်းဒဏ်ရာမှာ မကြာခဏ နာကျင်ပြီး စိတ်ပုံမှန်အနေအထားတွင် မရှိကြောင်း မိခင်ဖြစ်သူ ဒေါ်ကြူကြူ က ပြောသည်။
“ဒီဒဏ်ရာကတော့ ရဲစခန်းရောက်မှ ရဲကမေးတော့ သူဟင်းချက်တာပေါ့လို့ဆိုပြီး ဒေါ်ဖြူဝင်းသက်က ပုလင်းနဲ့ ရိုက်ထားတာတဲ့။ ဒီဒဏ်ရာကြောင့်ပဲ တခါတလေ ကြောင်နေတတ်တယ်။ စိတ်ကပုံမှန် မဟုတ်ဘူး။ သိပြီးသားတွေ၊ ပြောပြီးသားတွေလည်း ချက်ချင်း မေ့လိုမေ့နဲ့”ဟု ဒေါ်ကြူကြူက ပြောဆိုသည်။