သတင်း

ရခိုင်ပြည်နယ် သတ်ဖြတ်ကျူးလွန်မှုများ လက်မခံဟု ကြံ့ခိုင်ရေး ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ကျူးလွန်မှုများကို ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အနေဖြင့် လက်မခံနိုင်ကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

“ဥပဒေအရရော၊ လူမှုရေးအရရော လက်ခံလို့မရဘူး။ ပြစ်မှုအတိုင်းအတာအရ အရေးယူရမယ်။ ဒီနေရာမှာ  မွတ်စလင်တို့၊ ဗမာတို့ ဆိုတာထက် ပြစ်မှုကျူးလွန်သူ တရားခံ၊ တရားလိုလို့ သတ်မှတ်ပြီးကို အရေးယူရမယ်။ ထပ်ပြီး ကြီးထွား မလာအောင် လုပ်ရမယ်” ဟု ၎င်းကဆိုသည်။

ယမန်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေဆုံစဉ် ဦးဌေးဦးက ထိုသို့ပြောဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေမြို့ ကျောက်နီမော် မုဒိန်းကျင့် သတ်ဖြတ်မှုနှင့် တောင်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရမှုများ၊ ရန်ကုန်မြို့တွင် နောက်ဆက်တွဲ ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သည့်အပေါ် ဦးဌေးဦးက ထိုသို့ မှတ်ချက်ပေး ပြောဆိုခြင်းဖြစ်သည်။

ထို့အပြင် ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့်လည်း ပြစ်မှုကျူးလွန်သူများကို လျင်မြန်စွာ အရေးယူ ကိုင်တွယ်သင့်ကြောင်း၊ သို့မှသာ  ဥပဒေစိုးမိုးရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း ဦးဌေးဦးက ပြောသည်။

ရခိုင်ပြည်နယ် သတ်ဖြတ်ကျူးလွန်မှုများ ဖြစ်ပွားသည့်ကိစ္စကို အစိုးရထုတ်သတင်းစာနှင့် မီဒီယာများက ဇွန်လ ၅ ရက်နေ့တွင် ဖော်ပြရာ၌ မွတ်စလင်ကုလားဟု သုံးနှုန်းခဲ့သောကြောင့် ဝေဖန်ခံခဲ့ရပြီး နောက်တနေ့တွင် ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူများဟု ပြင်ဆင်ဖတ်ရှုရန် ကြေညာခဲ့သည်။

လူမျိုးကွဲများအပါအဝင် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် မြန်မာပြည်တွင် လွတ်လပ်စွာယုံကြည်ရာကို  ကိုးကွယ်ခွင့်ရရှိရန် လိုကြောင်းလည်း ဦးဌေးဦးက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော သတ်ဖြတ်ကျူးလွန်မှုများအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၆ ရက်နေ့စွဲဖြင့် ကြေညာထားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒု ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း အပါအဝင် ရခိုင်ပြည်နယ် ဥပဒေအရာရှိ၊ ရဲမှူး၊ အထူးစုံစမ်းစစ်ဆေးရေးမှူး စသည့် ပြည်နယ်အဆင့် တာဝန်ရှိသူများ ပါဝင်သည်။ ယင်း စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လျှပ်စစ်မီး ရရှိရေး ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် နိုင်ငံသားများ၏ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးကိုလည်း ရေရှည်စီမံကိန်းချပြီး ဖြေရှင်းပေးရန် ကြိုးပမ်းနေကြောင်း၊ နိုင်ငံတော်က သိရှိစေရန် ပုံမှန်လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုများသည် ကောင်းမွန်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာစေရန် မကြိုးပမ်းသင့်ကြောင်း ဦးဌေးဦးက ဖြေကြားသည်။

သဘာ၀ အရင်းအမြစ် ပေါများသည့် မြန်မာနိုင်ငံတွင် စစ်အစိုးရ လက်ထက်မှစတင်ကာ  ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့တို့ကို အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံသို့ ရောင်းချနေသော်လည်း ပြည်သူများမှာမူ လျှပ်စစ်မီး လုံလောက်စွာ မရရှိပေ။

အဆိုပါ ရောင်းချမှုများနှင့် ပတ်သက်ပြီး ဦးဌေးဦးက “ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား ဆောက်လုပ်ရေးတွေမှာ ငွေလိုတယ်။ ဒါကြောင့် ရောင်းချရတာပါ”ဟု  ဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး အငြင်းပွားဖွယ် အနိုင်ရရှိခဲ့သော အာဏာရပါတီဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading