
မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေး ခိုင်းစေမှုကိစ္စနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အထူး အစည်းအဝေးမှ မြန်မာအစိုးရနှင့် ILO တို့ သဘောတူညီချက် တချို့ရရှိသည်ဟု သတင်း ရသည်။
မြန်မာအစိုးရ လုပ်ဆောင်ခဲ့သည့် အဓမ္မ လုပ်အားပေး စေခိုင်းမှုများအတွက် အသုံးပြုသည့် ၁၉၀၇ ခုနှစ် မြို့ပြနှင့် ကျေးရွာ အက် ဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလက ဖျက်သိမ်းခြင်း၊ ကလေးစစ်သား စုဆောင်းမှုနှင့်ပတ်သက်၍ ကျူးလွန်လျှင် အရေးယူမည် ဖြစ် ကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ၂၀၁၂ မတ်လအတွင်း တိုင်း၊ ခရိုင် စသည့် အဆင့်ဆင့် တာဝန်ရှိသူများသို့ အမိန့် ထုတ်ပြန်ခြင်း၊ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြုခြင်းတို့ကို ILO အုပ်ချုပ်ရေး ကော်မတီက အသိအမှတ်ပြု သဘောတူ ခဲ့ကြောင်း သိရသည်။
“သဘောတူညီမှု တချို့တော့ ရပါတယ်။ အခု ကျနော်တို့ လုပ်ငန်းစဉ်က ဆက်လက် သွားနေဆဲပါပဲ”ဟု ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်သွယ်ရေး အရာရှိ ရန်ကုန်ရုံးခွဲ တာဝန်ခံ မစ္စတာ စတိဗ် မာရှယ် က ဧရာဝတီ ကို ပြောသည်။
ဇွန်လ ၄ ရက်နေ့ ILO အထူးအစည်း အဝေးတွင် မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေးခိုင်း စေမှု၊ ကလေးစစ်သား စုဆောင်းမှုစသည့် ILO နှင့် သက်ဆိုင်သော ကိစ္စများ မြန်မာနိုင်ငံတွင်း လုပ်ဆောင်နေမှု အခြေအနေ တိုးတက်မှုကို အသိအမှတ်ပြုပြီး ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သဘောတူခြင်းဖြစ်သည်ဟုလည်း မစ္စတာ စတိဗ်မာရှယ်က ဆို သည်။
မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ စ၍ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သားကိစ္စများနှင့်ပတ်သက်၍ ILO နှင့် ပူးပေါင်း လုပ်ဆောင်လာခဲ့ရာ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှစ၍ နားလည်မှု စာချွန်လွှာသက်တမ်းများ အကြိမ်ကြိမ် တိုးခဲ့ကြောင်း၊ ILO က ရန်ကုန်တွင် ရုံးခွဲထား၍ အနီးကပ် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း၊ မြန်မာအစိုးရဘက်က လိုက်နာမှုများ တွေ့ ရှိရသည့်အတွက် ILO က အသိအမှတ်ပြုပြီး ကြိုဆိုကြောင်း အစည်းအဝေး မှတ်တမ်း၌ ပါရှိသည်။
အလုပ်သမားအရေးလုပ်ဆောင်သူများအား အစိုးရကဖမ်းဆည်းထားခြင်းမှ ပြန်လွှတ်ပေးသည်ကို ကြိုဆိုပြီး ကျန်ရှိနေသေးသော သူများကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ဆက်လက်ဖြစ်ပွားနေသော အဓမ္မ လုပ်အားပေးခိုင်းစေမှု စသည်တို့နှင့်ပတ်သက်၍ လည်း အစိုးရအနေဖြင့် ILO အပါအဝင် ဒေသခံများနှင့် လက်တွဲလုပ်ဆောင်နေသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုအရှိန် ကို မြှင့်တင်ရန်လည်း တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်သူ အားလုံးအနေဖြင့်လည်း အဓမ္မလုပ်အားပေးခိုင်းစေမှုကို ရှောင်ရှားပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမား စံချိန်စံညွှန်းများကို လေးစားလိုက်နာသင့်ကြောင်းလည်း အစည်းအဝေးတွင် ကော်မတီက တောင်းဆိုတိုက်တွန်းထားသည်။
သမ္မတ ဦးသိန်းစိန်ကလည်း မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မိန့်ခွန်းတွင် ၂၀၁၅ ခုနှစ်တွင် အဓမ္မ လုပ်အား ပေးခိုင်းစေမှု ပပျောက်ရန် ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။
“အဓမ္မ လုပ်အားပေး ခိုင်းမှုတွေ ၂၀၁၅ မှာ ပပျောက်အောင် လုပ်သွားမယ်လို့ အစိုးရက ပြောဆိုခဲ့ပေမယ့် ရန်ကုန် ပြင်ပ မြို့ပေါ်တွေနဲ့ ကင်းကွာတဲ့ ဟိုး ရေတတန် ကုန်းတတန် သွားရတဲ့ ကျေးရွာလေးတွေမှာ အခုထက်ထိ ရှိနေပါသေးတယ်”ဟု အဓမ္မလုပ် အား ပေး စေခိုင်းမှု ပပျောက်ရေး ကြိုးစားနေသူ မစုစုနွေး က ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်သို့ သဘောၤစီး၍ သွားစဉ်က ကျေးရွာများတွင် ကင်းတဲများ ကိုယ်ထူကိုယ်ထ ဆောက်ရပြီး ကင်းစောင့် ခိုင်းခြင်း၊ ကင်းမစောင့်နိုင်သူ ကျေးရွာသားများကို ကျပ်၂၅၀၀ ပေးခိုင်းခြင်း၊ မပေးနိုင်ပါက မြေကျင်း ၅ ကျင်းမှ ၁၀ ကျင်းအထိ ဒဏ်ကြေးအဖြစ် တူးပေးကြရကြောင်း၊ ထိုအရာများသည် အဓမ္မ လုပ်အားပေးခိုင်းခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ ပပျောက်အောင်က ILO နဲ့ မြန်မာအစိုးရတို့ စာချုပ်တွေ ချုပ်နေရုံနဲ့ မရပါဘူး။ မြို့တွေနဲ့ ဝေး ကွာတဲ့ ကျေးလက်တွေအထိ အစိုးရကရော၊ အလုပ်သမားအဖွဲ့အစည်းတွေရော ILO ကရော ကွင်းဆင်းပြီး ဟောပြောပွဲတွေ လုပ်၊ ပညာပေးမှုတွေလုပ်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဒီလိုမျိုးတွေရှိရင် တိုင်ကြားလို့ရတယ်ဆိုတာတွေ သေချာ လုပ်သင့်တယ်”ဟု မစုစုနွေးက ဆိုသည်။
ထို့အပြင် အလုပ်သမားများ အရေး ကူညီဖြေရှင်ပေးနေသည့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုဉာဏ်လင်း ကလည်း လက်ရှိ အလုပ်သမားအရေး လုပ်ဆောင်နေသူများနေဖြင့် အခက်အခဲများရှိကြောင်း၊ ရန်ကုန်နှင့် အနီးတဝိုက် အပါအဝင် တချို့မြို့နယ်များရှိ စက်ရုံ အလုပ်ရုံများတွင် လုပ်ခ လစာ တိုးမြှင့်ရေး၊ အလုပ်သမား အခွင့်အရေး စသည့် ကိစ္စများနှင့် ပတ်သက်၍ ပြေ လည်ရန် မဖြေရှင်းပေးနိုင်သေးကြောင်း ပြောသည်။
“အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေ ပပျောက်ဖို့နဲ့ အလုပ်သမား အခွင့်အရေး ကိစ္စတွေ မှာ အစိုး ရ ဘက်က တာဝန်ရှိသူ အဆင့်ဆင့်ကရော၊ အလုပ်သမား အရေးလုပ်ကိုင်နေကြသူတွေရော နိုင်ငံသား တဦးချင်းစီကလည်း ပူးပေါင်း ဆောင်ရွက် သွားဖို့လိုမယ်လို့ ထင်ပါတယ်”ဟုလည်း သူက ပြောဆိုသည်။