ခရိုင်မြို့ဖြစ်မြောက်ရေး အဆိုတင်သွင်းမှု ပယ်ချခံရခြင်းကြောင့် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် ဈေးများ၊ ဆိုင်များကို ပိတ်၍ ဆန္ဒပြမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ်ဝန်ကြီး ဦးဟုန်ငိုင်း တီးတိန်မြို့သို့ ယနေ့လာရောက်သည့် ခရီးစဉ်အတွင်း မြို့ခံများက ယခုကဲ့သို့ ဆန္ဒပြကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“တမြို့လုံးက ဆိုင်တွေ၊ ဈေးတွေကို မနက်ကတည်းက ပိတ်ထားတယ်။ အရင်လူစည်တဲ့ နေရာတွေဆို ခြောက်ကပ်နေတယ်။ လူသွားလူလာ များတဲ့နေရာတွေမှာ ‘ခရိုင်မရလို့ ဝမ်းနည်းစွာ ကြိုဆိုတယ်’ လို့ ရေးထားတဲ့ စာရွက်တွေရယ်၊ နံရံတွေမှာ မှုတ်ဆေးနဲ့ အဲလိုရေးထားတာတချို့ တွေ့ခဲ့တယ်” ဟု တီးတိန်မြို့ခံတဦးက ဆိုသည်။
တီးတိန်မြို့နယ်ကို ခရိုင်အဆင့်သို့ တိုးမြှင့်ပေးရန် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အဆိုပြုတင်သွင်းခဲ့ရာ မဲရှုံးနိမ့်ခဲ့ကြောင်း၊ ဟားခါးနှင့် ထန်တလန်မှာ မဲအနိုင်ရရှိခဲ့ကြောင်း ခရိုင်ဖြစ်မြောက်ရေး လှုပ်ရှားသူများက ပြောသည်။
“ဟားခါးနဲ့ ထန်တလန်ကို ခရိုင်အဆင့်တိုးဖို့ မဲပေးခဲ့တာမှာ ကြံ့ခိုင်ရေးပါတီက ဘက်လိုက်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့မြို့ကို ဒေသစွဲ၊ လူမျိုးစု အစွဲတွေနဲ့ ခွဲခြားဆက်ဆံတယ်လို့ ခံစားရတယ်။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာတော့ မဟုတ်ပါဘူး။ စိတ်မကောင်းလို့ ကျနော်တို့ ဘယ်မှမထွက်ဘူး ဆိုတဲ့ သဘောပါ” ဟု လှုပ်ရှားသူတဦးက ပြောသည်။
ချင်းပြည်နယ်အတွင်း လက်ရှိ ခရိုင်ရုံးစိုက်ရာ မြို့များမှာ ဖလမ်းနှင့် မင်းတပ် မြို့နှစ်မြို့ဖြစ်ပြီး ပြည်နယ်မြို့တော်ဖြစ်သည့် ဟားခါးမြို့သည် မြို့နယ်အဆင့်ဖြစ်သည်။ အစည်းအဝေးအပြီးတွင် ပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်အား ခရိုင်တခုအဖြစ်လည်းကောင်း၊ မူရင်းရှိပြီးသည့် ဖလမ်းခရိုင်အောက်တွင် တီးတိန်နှင့် တွန်းဇံတို့ကို ထည့်သွင်း၍ ဖလမ်းခရိုင်အဖြစ် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
“ခရိုင်အဆင့်ဖြစ်ရင် အစိုးရရုံးတွေ ရှိလာမယ်။ အထူးသဖြင့်က အခုက အစိုးရဝန်ထမ်းတွေက ဖလမ်း၊ မင်းတပ်တွေကို ရုံးသွားသွားနေရတယ်။ အကယ်လို့သာ တီးတိန်မှာ ခရိုင်ရုံးစိုက်ရင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးကအစ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ အများကြီး ဖြစ်မယ်” ဟု အဆိုပါ လှုပ်ရှားသူက ဆိုသည်။
တီးတိန်မြို့ခံများအနေဖြင့် ယခုကဲ့သို့ ဆိုင်များပိတ်၍ ဆန္ဒပြခြင်းသည် ခရိုင်ရရှိရေး တခုတည်းသာ မဟုတ်ဘဲ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဆက်ဆံရေးရုံးခွဲကို တီးတိန်တွင် ဖွင့်လှစ်မည်ကို မလိုလားခြင်းလည်း ပါဝင်သည်ဟု ဆိုသည်။
ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်စဉ်က အဖွဲ့၏ ဆက်ဆံရေးရုံးခွဲများကို တီးတိန်၊ ထန်တလန်နှင့် မတူပီတို့တွင် ဖွင့်လှစ်ရန် သဘောတူညီထားခဲ့သည်။
ထိုစဉ်က ချင်းအမျိုးသားတပ်ဦး၏ ရုံးခွဲကို ၎င်းတို့မြို့တွင် ဖွင့်လှစ်ရန် သဘောမတူညီကြောင်း တီးတိန်ဒေသခံများက အစိုးရအဖွဲ့အစည်းများသို့ စာပေးပို့ တောင်းဆိုခဲ့သည်။ ထိုစဉ်က ဒေသခံများ၏ ဆန္ဒမပါဝင်ပဲ ရုံးခွဲများကို ဖွင့်လှစ်မည် မဟုတ်ကြောင်း ချင်းအမျိုးသားတပ်ဦးက ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။
“CNF ရုံးကို တီးတိန်မှာ လာဖွင့်ဖို့ သဘောမတူဘူးလို့ ကန့်ကွက်ခဲ့ပေမယ့် အစိုးရက လျစ်လျူရှုထားခဲ့တယ်။ အဲ့ဒီ ကိစ္စရယ်၊ ခရိုင်အဆင့် တိုးမြှင့်ပေးဖို့နဲ့ ကျနော်တို့ရဲ့ ရပိုင်ခွင့်ရဖို့ ကျနော်တို့ကတော့ ဆက်တောင်းဆိုသွားမယ်” ဟု ၎င်းက ဆိုသည်။