
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေးခဲ့သည်။
အဆိုပါ တရားခံများမှာ ကျောက်နီမော်ဒေသ ကျောက်ထရံ ကျေးရွာမှ ရော်ဖိ (၁၈ နှစ်)၊ ထက်ထက် (၂၃ နှစ်) နှင့် လူယု (၂၁ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးအား ရုံးထုတ် စစ်ဆေးရာသို့ ဒေသခံ ပြည်သူ ရာဂဏန်းခန့် လာရောက် နားထောင်ခွင့် ရခဲ့သည်။
ပြည်နယ်အစိုးရ အဖွဲ့မှ ဝန်ကြီး ၂ ဦး၊ ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ၊ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲများ တက်ရောက် နားထောင် ခဲ့ကြောင်း၊ တနင်္လာနေ့တွင် ထပ်မံ ရက်ချိန်းပေးထားကြောင်း တရားခွင် သွားရောက်နားထောင်ခဲ့သည့် ဒေသခံများက ပြောသည်။
ယနေ့ နေ့လယ်က ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဈာပန အခမ်းအနား တခုအား မြို့ပြင်ရှိ သုဿန်သို့ သွားရောက် ပို့ဆောင်ရာ သဲချောင်းကျေးရွာနှင့် ဘုမေ ကျေးရွာတို့မှ ရွာသားများသည် လူသေအလောင်း တင်ဆောင်လာသည့် မော်တော်ယာဉ်နှင့် လိုက်ပါပို့ဆောင် သူများအား လူတချို့က အုပ်စုဖွဲ့၍ ခဲများနှင့် ပစ်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်း စသည်ဖြင့် နှောင့်ယှက်ခဲ့ကြောင်း စစ်တွေ မြို့ခံ တချို့က ပြောသည်။
“ဒီနေ့ ၂ နာရီလောက်မှာ ဖြစ်တာပါ။ အသုဘ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်တော့ ရဲတွေကို ချက်ချင်း အကြောင်းကြား ရတယ်။ ရဲတွေ၊ လုံခြုံရေးတွေ လာပြီး လူစုခွဲခဲ့ရတယ်။ အသုဘ ကို လုံခြုံရေး တွေ အကူအညီ နဲ့ သင်္ဂြိုဟ် ဖြစ်ခဲ့တယ်” ဟု ဒေသခံ တဦးက ပြောသည်။
စစ်တွေမြို့၌ လုံခြုံရေး များ ပိုမိုချထားသော်လည်း ယခုအခါ အခြေအနေ တည်ငြိမ်နေပြီ ဖြစ်ကြောင်း သိရသည်။
မသီတာထွေးအား လူသုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုနှင့် ဆက်စပ်၍ တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံခဲ့ရသည်။ ထိုဖြစ်ရပ်နှင့် ဆက်စပ်၍ မောင်းတော မြို့ပေါ်ရှိ မြို့မ ဘုန်းတော်ကြီး ကျောင်းအား ခဲဖြင့်ပေါက်ခြင်း၊ ယူနိုတ်တက် တည်းခိုခန်း အား မီးရှှို့ခြင်း၊ ကျေးရွာတချို့အား မီးရှှို့ခြင်း စသည် တို့ လုပ်ဆောင်ခဲ့သဖြင့် လူတချို့ ဒဏ်ရာရမှု၊ သေဆုံးမှုတို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် မောင်းတောမြို့ပေါ်တွင် ဆူပူဖျက်ဆီးမှု၊ အနီးဝန်းကျင် ကျေးရွာတချို့အားမီးရှို့ ဖျက်ဆီးမှုကြောင့် အစိုးရ လုံထိန်းတပ်များက ပစ်ခတ်နှိမ်နင်းခဲ့ပြီး ဒေသခံများမှာ ညမိုးချုပ်လာမည်ကို စိုးရိန်နေကြသည်။ လက်ရှိ မောင်းတောနှင့် ဘူးသီးတောင်မြို့၏ အခြေအနေမှာ စိုးရိမ် စရာ ရှိနေပြီး အစိုးရက ထိုဒေသကို ညမထွက်ရ နေဝင်မီးငြှိမ်း ပုဒ်မ ၁၄၄ ထုတ်ထားပြီ ဖြစ်ကြောင်း သိရသည်။