ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးအဖြစ် ထည့်သွင်းရန် ကမ္ဘာ့နိုင်ငံကြီးများက ဖိအားပေးလာပါက အမျိုးသားရေးပြဿနာအဖြစ် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ယမန်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
“ဒီ ရိုဟင်ဂျာ ပြဿနာကို ဘယ်နိုင်ငံကမှ လက်မခံတာကို ကျနော်တို့နိုင်ငံက ဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအရ ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီးတွေကနေပြီးတော့ ရိုဟင်ဂျာတွေကို လက်ခံရမယ်လို့ ဖိအားပေးလာခဲ့ရင် ကျနော်တို့ လုံး၀ သည်းညည်းခံမှာ မဟုတ်ပါဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကိစ္စများသည် နယ်စပ်မှ ကျူးကျော်ဝင်ရောက်လာသည့် ရိုဟင်ဂျာများနှင့် ပြည်ပသွေးထိုးလှုံဆော်မှုများ ပါဝင်နေသည်ဟုရှုမြင်ပြီး ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု လုံးဝမဟုတ်ကြောင်း ၎င်းက ပြောသည်။
ပြည်တွင်းတွင် မျိုးရိုးစဉ်ဆက် နေထိုင်ကြသည့် တိုင်းရင်းသားမဟုတ်သော အိမ်နီးချင်းနိုင်ငံများမှလူမျိုးများကို နိုင်ငံတော်မှ နိုင်ငံသားအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ထိုသူများအတွက် နိုင်ငံသားတဦး ရသင့်ရထိုက်သော အခွင့်အရေး၊ နိုင်ငံသားတဦးကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကို အပြည့်အဝလက်ခံသော်လည်း တိုင်းရင်းသားအဖြစ် လက်ခံရန် အတင်းအကြပ် ဖိအားပေးမှုများကို လုံးဝသည်းညည်းခံမည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ သဘောထားကို အတိအလင်း ပြောကြားသည်။
ယနေ့ ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကိစ္စများကို လုံး၀ လက်မခံနိုင်ကြောင်းနှင့် သက်ဆိုင်ရာမှ ယခုဖြစ်ရပ်ကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရန် မေတ္တာရပ်ခံခဲ့ပြီး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ခိုကိုးရာမဲ့ ဖြစ်ခဲ့သော ရခိုင်တိုင်းရင်းသားများ နေထိုင်စားသောက်ရေးအတွက်ကို တာဝန်ရှိသူများမှ အချိန်မှီ ဖြည့်ဆည်းပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
အစ္စလမ်ဘာသာဝင် တဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးကလည်း ရခိုင်ပြည်နယ်ရှိ ၃ ဒဿမ ၈ သန်းသော ရခိုင်တိုင်းရင်းသား ပြည်သူများအတွက် လူဦးရေ သန်းထောင်ချီရှိသည့် အိမ်နီးချင်းနိုင်ငံကြီး၏ လူမျိုးစုများ စိမ့်ဝင်မှုကို အပြည့်အ၀ အကာအကွယ်ပေးနိုင်ရန် ဥပဒေတခု ပြဌာန်းစေလိုပြီး ယခုလက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို အမျိုးသားရေး ပြဿနာအဖြစ်ရှုမြင်ကာ ပြည်တွင်းနေ မြန်မာ မွတ်စလင်များကလည်း ထိရောက်သော အကူအညီများ ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယမန်နေ့ နေ့လည်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ် မောင်းတောမြို့ မြို့တော်ခန်းမ အနီးရှိ နေအိမ်များနှင့် မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာအများအပြား မီးရှို့ဖျက်စီးခံခဲ့ရသည်။ မောင်တောဒေသတွင် ညမထွက်ရ အမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄) ကို ထုတ်ပြန်ထားသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးက အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဖျက်ဆီးခြင်းကို ရှုတ်ချကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ရေးကိုလိုလားကြောင်း သဘောထား ထုတ်ပြန်ထားသည်။ ထို့အပြင် ယင်းအဖွဲ့ကြီး၏ အစ္စလမ်ဘာသာဝင်များကို မေတ္တာရပ်ခံ ပန်ကြားလွှာတွင် ဇွန်လ ၅ ရက်နေ့ထုတ် သတင်းစာပါ အသုံးအနှုန်းဖော်ပြချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံ တင်ပြပြီး ဥပဒေဘောင်အတွင်းမှ ဖြေရှင်းနေကြောင်း၊ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ ရှောင်ကျဉ်ရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။