အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးကြတဲ့ အထဲမှာ ကရင်တိုင်းရင်းသား အဖွဲ့ဟာ အောင်မြင်မှုတွေနဲ့အတူ ရှေ့တန်း ရောက်နေတာ တွေ့ရပါတယ်။

ကရင် အမျိုးသား အစည်းအရုံး (KNU)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့တွေဟာ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ နယ်စပ် ဒေသမှာရော ရန်ကုန်မြို့မှာပါ ဆွေးနွေးနိုင်ခဲ့ကြပြီး ကရင်လူထု ကြားမှာသာမက တပြည်လုံးက လူထုကြားမှာ လည်းပဲ ထောက်ခံ အားပေးမှု အရှိဆုံးလို့ ဆိုရမှာပါ။
ဆွေးနွေးပွဲတွေ လုပ်နေကြတဲ့ တပ်ဖွဲ့တွေမှာ KNU ရဲ့ ထူးခြားတာ ကတော့ အမျိုးသမီးတွေ ဦးဆောင် ဆွေးနွေး နေတာပါပဲ။ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကရင် အမျိုးသမီး တချို့ဟာ ဦးဆောင် ဆွေးနွေးနိုင်တာ တွေ့ရသလို မီဒီယာတွေရဲ့ မေးခွန်းတွေကို မြန်မြန် ထက်ထက် အချက်ကျကျ ဖြေဆိုနိုင်တာလည်း တွေ့ရပါတယ်။
အပတ်အခတ် ရပ်စဲရေး ပဏာမအဆင့် သဘောတူ လက်မှတ်ရေး ထိုးထားကြတဲ့ ကရင်နီ၊ မွန်၊ ရခိုင်၊ ချင်း၊ ရှမ်း စတဲ့ လက် နက်ကိုင် တပ်ဖွဲ့တွေ ဆွေးနွေးပွဲတွေမှာတော့ အမျိုးသမီးတွေ ပါဝင်တာ မတွေ့ရသေးပါဘူး။ အစိုးရနဲ့ ဆွေးနွေးဖို့ အိန္ဒိယ နယ် စပ်က ရောက်လာတဲ့ ချင်းအမျိုးသား တပ်ဦး(CNF) ကိုတော့ ချင်းဒေသခံတွေက သောင်းသောင်း ဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
အစိုးရနဲ့ ဆွေးဖို့ ပြည်ပက ရောက်လာတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) အဖွဲ့ဝင်တွေဟာ စစ်တွေမြို့ ကို လာရောက် ခဲ့စဉ်ကလည်းပဲ စစ်တွေဒေသခံ သိန်းချီတဲ့ လူအုပ်ကြီးက ဆိုင်ကယ်တွေ၊ ကားတွေနဲ့ မြို့ကို လှည့် အောင်ပွဲခံ ကြိုဆို ဂုဏ်ပြု ခဲ့ကြ ပါတယ်။
ဒါပေမယ့် ကရင်အဖွဲ့တွေက လွဲပြီး ကျန်အဖွဲ့တွေမှာ အမျိုးသမီး တယောက်မှ ပါဝင်ဆွေးနွေးတာ မတွေ့ရဘူး။ ဒီတော့ တချို့
သော အမျိုးသမီး အဖွဲ့တွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခွင့်ရဖို့အတွက် ပြောဆိုသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ရှမ်းအမျိုးသမီး အဖွဲ့တခု ဆိုရင် ကြေညာချက်တစောင်ကို မကြာသေးခင် ကပဲ ထုတ်ပြန်ခဲ့ပါတယ်။
“ရှမ်း အမျိုးသမီးတွေလည်း တခြားသူတွေ လိုပဲ ပါဝင်ချင်တယ်၊ ပါဝင်သွားဖို့လည်းရှိတယ်၊ နိုင်ငံရေး တခုတည်းဆွေးနွေး ဖို့ မဟုတ်ပါဘူး၊ အမျိုးသမီး ကိစ္စ၊ ကလေးသူငယ် ကိစ္စတွေ၊ ပညာရေးတွေ ဆွေးနွေးချင်တယ်”လို့ ရှမ်အမျိုးသမီးရေးရာ ဆက် သွယ် လှှုပ်ရှား ဆောင်ရွက်ရေး အသင်း(SWAN) အဖွဲ့မှ ယိင်းဟာန်ဖ က ဧရာဝတီ ကို ပြောသည်။
လက်ရှိဆွေးနွေးပွဲတွေဟာ ရှမ်းလူမျိုး အားလုံးနဲ့မသက်ဆိုင်ဘဲ လက်နက်ကိုင်တဖွဲ့ချင်းစီ ဖြစ်တဲ့အတွက် အမျိုးသမီးတွေ ပါဝင် ခွင့်မရသေးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် တခုလုံး ကိုယ်စားပြုဆွေးနွေးမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်နိုင်အောင်တော့ ကြိုးပမ်းမယ်လို့ ဆက်ပြောပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာ စစ်တပ် တခုတည်း နဲ့ ဆွေးနွေးလို့မရပါဘူး၊ နိုင်ငံရေး အဖွဲ့တွေ၊ အမျိုးသမီးတွေ အားလုံးပါ
ဝင်ပြီးတော့ နိုင်ငံရေး အရ ဆွေးနွေးမှ အောင်မြင်မှာပါ”လို့ ယိင်းဟာန်ဖ က ဆိုပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်တဲ့ ကရင်အမျိုးသမီးတွေဟာ ရှမ်းအမျိုးသမီးတွေထက် ပညာအရည်အချင်း သာလွန် တာ၊ ပညာသင်ခွင့် ရတာတွေကလည်းပဲ အားသာချက်၊ အောင်မြင်မှု တခုလို့ သူက ဆက်ပြောပါတယ်။ လူထုကို စည်းရုံးတဲ့ အခါမှာလည်း ပညာရေး ဟာ အဓိကျတယ် လို့ ဆိုပါတယ်။
“ပညာတတ်တော့ ကိုယ့်လူမျိုး၊ ကိုယ့်သမိုင်း အကြောင်း၊ နိုင်ငံရေး၊ နိုင်ငံတကာ အရေး ပိုလေ့လာတယ်၊ ပိုသိတယ်၊ ဒီအချက် တွေဟာ ဆွေးနွေးပွဲတွေရဲ့ အောင်မြင်မှုအတွက် အရေးပါ ပါတယ်”လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ KNU နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ မနော်မေဦး ကတော့ အမျိုးသား နိုင်ငံရေး လုပ်တဲ့နေရာမှာ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် ဝိဝါဒတွေ ထိုင်ပြီး စဉ်းစားနေဖို့ အချိန်မရှိပါဘူး လို့ဆို တယ်။ မနော်မေဦးဟာ ဥပဒေဘွဲ့ရထားပြီး ဒေါက်တာဘွဲ့တခုကိုလည်း ရယူဖို့ ကြိုးစားနေသူပါ။
အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲ ဖြစ်ဖြစ် တာဝန်သိသိနဲ့ အလုပ်လုပ်ကြဖို့၊ လုပ်နိုင်ဖို့လိုတယ်။ တခါတရံမှာ အတွေးအခေါ် တွေ၊ ဝိဝါဒါအစွဲတွေကြောင့် အမျိုးသမီးတွေ လုပ်သင့်တဲ့နေရာမှာ ပါဝင်ခွင့်မရတဲ့ ကိစ္စဟာလည်း ဝမ်းနည်းစရာ တခုအဖြစ် ကျမ တို့ တွေ့နေရတယ် လို့ ဆိုပါတယ်။

“ဒါပေမယ့် အခုကျမ တို့ KNU မှာက အမျိုးသမီးကို ရှေ့တန်း တင်ရမယ်၊ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနဲ့သာ အနိုင်ယူမယ်လို့ ယူဆ တာထက် ကျမတို့ လုပ်သင့် လုပ်ထိုက်တာကို လူမှန် နေရာမှန် နဲ့ လုပ်သွားနိုင်ဖို့ အမြဲတမ်းကြိုးစား အကောင် ထည်ဖော်နေတဲ့ အလျောက် သူ့ဟာသူ ဖြစ်သွားတာပါပဲ” လို့ ဧရာဝတီနဲ့ အင်တာဗျူးစဉ် ဖြေဆိုခဲ့ပါတယ်။
ကချင်ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာ တူးဂျာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်တာ ကြိုဆိုကြောင်း၊ ကချင် အမျိုးသမီးတွေ အနေနဲ့ လူမှုရေး ဘက်မှာသာ ရှိနေသေးပြီး ငြိမ်းချမ်းရေး နိုင်ငံရေး ကိစ္စတွေမှာ အားနည်း နေသေးပေမယ့် တဖြည်းဖြည်း ပါဝင် လာမယ်လို့ မျှော်လင့်ကြောင်း၊ KNU မှာ နော်စီဖိုးရာစိန် ကိုယ်တိုင် ဦးဆောင်နေတဲ့ အတွက် အမျိုးသမီး ကဏ္ဍတွေမှာ ပိုမိုပီပြင်တယ် လို့ ပြောပါတယ်။
“အမျိုးသမီးတွေ ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်လာတာဟာ အင်အားတခုဖြစ်တဲ့အတွက် ဖြစ်သင့် ဖြစ်ထိုက်ပါတယ်၊ လူတိုင်းက ကြို ဆိုရမှာပါ၊ ကချင် အမျိုးသမီးတွေလည်းပဲ ပါဝင်လာနိုင်အောင် ကြိုးပမ်းရမှာပါ”လို့ ဒေါက်တာ တူးဂျာ က ဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ အနက် ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ပဏာမအဆင့်ငြိမ်းချမ်းရေး သဘောတူညီမှု ရ ထားပြီး ဖြစ်ပါတယ်။ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော်(KIA) နဲ့ အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြီးခဲ့နှစ် ကတည်းက လုပ်ဆောင်ခဲ့ကြပေမယ့် အခုအချိန်အထိ အောင်မြင်မှု မရသေးပါဘူး။
အဲဒီလို အောင်မြင်မှု မရသေးတာဟာ အစိုးရဘက်က ရိုးသားမှု မရှိတဲ့အကြောင်း၊ အစိုးရဟာ တဘက်မှာ ငြိမ်းချမ်းရေး ဖော် ဆောင်မှု လုပ်နေသကဲ့သို့ အခြားတဘက်၌လည်း ကချင်ဒေသ အပါအဝင် ရှမ်းပြည်တောင်ပိုင်း ဒေသတချို့မှာ ထိုးစစ်ဆင်နေ တဲ့ အတွက် အစိုးရ ရဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုအပေါ် မှန်ကန်တဲ့ ငြိမ်းချမ်းရေးအဖြစ် မယူဆနိုင်သေးဘူးလို့ မွန်ပြည်သစ် ပါတီ အထွေထွေ အတွင်း ရေမှူး နိုင်ဟံသာ က ဆိုပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေမှာ အမျိုးသားတွေနဲ့ တန်းတူ ရင်ပေါင်တန်း လုပ် ဆောင်နေကြပေမယ့် နိုင်ငံရေး အခန်းကဏ္ဍမှာတော့ ပါဝင်နိုင်ခွင့်မရသေးတဲ့အပြင် ခွဲခြား ဆက်ဆံခံနေရတယ် လို့ အမျိုးသမီး အများစုက ဝေဖန်နေကြပါတယ်။
အရှေ့အာရှဒေသတွင်း က နိုင်ငံတွေဟာ အခုအခါ စီးပွားရေး ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာပေမယ့် ကျား၊ မ တန်းတူ ရေးမှာ အများကြီး နောက်ကျနေသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ အရှေ့အာရှ ရေးရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ အမျိုးသမီး ကဏ္ဍ ကိုလည်း ဆွေးနွေး ခဲ့ပါသေးတယ်။
စီးပွားရေး တိုးတက်ရုံနဲ့ အမျိုးသမီးတွေ ရဲ့စွမ်းဆောင်မှု ကဏ္ဍ တိုးတက်ရေး အတွက်မလုံလောက်ဘူး၊ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင် ဖန်တီးပေးဖို့ လိုအပ်တဲ့ အကြောင်း၊ နိုင်ငံရေး ကဏ္ဍတွေ မှာ လည်းပဲ အမျိုးသမီးတွေကို ပါဝင်ခွင့် ပေးသင့်တဲ့ အကြောင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ စီးပွားရေး ကဏ္ဍမှာ အရေးပါနေတာကို အထင်အရှား မြင်တွေ့နေကြရပေမယ့် နိုင်ငံရေး ကဏ္ဍ မှာ နေရာ မရသေးတာဟာ ခွဲခြားခံရမှု အမြစ်တွယ်နေတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အပြီး လွှတ်တော်တွေမှာလည်း အမျိုးသမီး ဦးရေဟာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။
နိုင်ငံရေး၊ စီးပွားရေးတွေမှာ အမျိုးသမီးတွေဟာ ပါဝင်နိုင်ပါ့မလား၊ ပါလာရင်ကော ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတဲ့မေးခွန်း တွေဟာ အမြဲတမ်း အမေးခံနေရတယ်၊ ကြားနေရတဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့တဲ့အပြင် အမျိုး သမီးတွေကို ဘာကြောင့် ဝါဝင်ခွင့် မပေးရသလဲ ဆိုတဲ့မေးခွန်း ထုတ်ခဲ့သေးတယ်။
“အမျိုးသမီးတွေဟာ ကဏ္ဍတိုင်းမှာ စွမ်းဆောင်နိုင်တယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် သူတို့ကို ပါဝင်ခွင့်မပေးဘူး၊ နိုင်ငံရေး နယ်ထဲမှာ ခွဲခြားခံရမှု အမြစ်တွယ်နေတဲ့အတွက် အမျိုးသမီးတွေ ကလည်း ခေါင်းဆောင်မှု ကဏ္ဍကို ယူဖို့ တွန့်ဆုတ်နေ တတ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ။