ရခိုင်ပြည်နယ် မောင်တောမြို့နှင့် အနီးတဝိုက် ကျေးရွာ ၂၀ ခန့် မီးရှှို့ဖျက်ဆီးခံလိုက်ရပြီးနောက် ဒေသခံ ပြည်သူ ထောင်ချီကာ ထွက်ပြေး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
“၁၇ ရွာက ရွာလုံးကျွတ် မီးရှှို့ခံလိုက်ရပါတယ်။ ၄ ရွာ လောက်ကတော့ အိမ်တချို့ ကျန်ခဲ့တယ်။ တချို့ရွာက မီးခိုးတွေ ထွက်နေတုန်းပဲ၊ ကျမတို့ဘဝတွေ လုံခြုံမှု မရှိတော့ဘူး။ စားစရာဝယ်ဖို့လဲ အပြင်မထွက်ရဲဘူး” ဟု ဒေသခံ အမျိုးသမီး တဦးက ဧရာဝတီကို ပြောသည်။
မောင်တောမြို့ အာဏာပိုင်များ၏ စာရင်းအရ မီးရှှို့ဖျက်ဆီး ခံလိုက်ရသည့် ကျေးရွာများ၌ လူဦးရေ ၅၀၀၀ ကျော် ရှိသည့်အနက် မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့် ကျောင်းတွင် ၄၀၀ ဝန်းကျင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ရာဂဏန်းအထိ ရောက်ရှိနေပြီဟု ဒေသခံများက ပြောသည်။
ဘုန်းကြီးကျောင်းများ၌ ခိုလှှုံနေကြသည့် ဒေသခံပြည်သူများအား နယ်မြေခံ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က လုံခြုံရေး တာဝန်ယူ ထားပေးကြောင်း၊ ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေကြသော ပြည်သူများအား အစိုးရစစ်တပ်မှ လိုက်လံရှာဖွေ နေကြောင်း၊ ဘုန်းကြီးကျောင်း၌ တည်းခိုနေကြသည့် ဒုက္ခသည်များအတွက် အရေးပေါ် စားဝတ်နေရေး လိုအပ်နေကြောင်း ဆရာတော်တပါးက ဧရာဝတီကို မိန့်ကြားသည်။
“ဒီနေ့ အတွက်တော့ စားစရာ ဖူလုံပါတယ်။ ဈေးဝယ်စရာ ဆိုင်တွေ အကုန်ပိတ်ထားတော့ နောက်နေ့တွေ စားဖို့ အခက်အခဲ ရှိကောင်း ရှိလာနိုင်တယ်ပါတယ်” ဟု ဆရာတော် က မိန့်သည်။
ရွာလုံးကျွတ် မီးရှှို့ခံရသည့် ရွာများတွင် ဝေသာလီ၊ ဗောဓိကုန်း၊ အလယ်ရွာ၊ အထက်ရွာ၊ ရွေရင်အေး၊ ခရေမြိုင်၊ သရေကုန်းဘောင်၊ မောရဝတီ၊ ဥဒေါင်း၊ ကင်းမချောင်း ကမ်းကြီး (ရွာသစ်၊ ရွာဟောင်း)၊ ဗိုလ်မှူး စသည့် ကျေးရွာတို့ ဖြစ်သည်။
ထိုကျေးရွာများအနက် ရွှေရင်အေး၊ ခရေမြိုင်၊ သရေကုန်းဘောင်၊ မောရဝတီ၊ ကမ်းကြီး စသည့် ကျေးရွာများမှ ဒေသခံများသည် နီးစပ်ရာ တောတောင်များထဲသို့ ထွက်ပြေးနေဆဲ ဖြစ်ကြောင်း၊ စစ်တပ်မှ ရဟတ်ယဉ်များဖြင့် လိုက်လံရှာဖွေနေဆဲဟု သိရသည်။
မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ (နေဝင်မီးငြိမ်းအမိန့်) ထုတ်ထားဆဲဖြစ်ကာ အစိုးရ ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းနှင့် ဝန်းကြီးတချို့၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် စစ်တိုင်မှူးနှင့် စစ်တပ်အကြီးအကဲများ ဦးဆောင်၍ ဒေသ လုံခြုံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနေကြောင်း သမ္မတရုံး၏ ဝက်ဘ်ဆိုက်၌ ရေးသားထာသည်။
မောင်တောမြို့၌ ဒေသခံ ဗုဒ္ဓဘာသာဝင်များကို ဗလီဝတ်ကျောင်းသို့ လာသည့် အစ္စလမ်ဘာသာဝင်များက တိုက်ခိုက်ခဲ့ရာမှ အဓိကရုဏ်းများ ဖြစ်ပွားခြင်း၊ သတ်ဖြတ်ခြင်း၊ မီးရှှို့ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအရေးအခင်းကြောင့် လက်ရှိ အချိန်အထိ သေဆုံးသူ ၇ ဦး၊ ဒဏ်ရာ ရသူ ၁၇ ဦး၊ နေအိမ် ၄၉၄ အိမ်၊ ဈေးဆိုင်ခန်း ၁၉ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။