အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယနေ့ ရောက်ရှိလာသည့် ကာကွယ်ရေး ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး လှမင်းက နယ်မြေလုံခြုံရေး တပ်မတော်က ကာကွယ်ပေးထားပြီဖြစ်၍ ပူပန်စရာ မလိုတော့ကြောင်း ဒေသခံ တိုင်းရင်းသားများကို ကတိပေးပြောဆို သွားသည်။
ယမန်နေ့က ဆူပူအကြမ်းဖက်သူများက မောင်တော မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ရခိုင်နှင့် အခြားတိုင်းရင်းသားများ၏ ကျေးရွာ ၂၀ ခန့်နှင့် မြို့ပေါ်ရှိအဆောက်အဦးအချို့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး မြို့ခံရဲများက တားဆီးနေသည့်ကြားမှ ရခိုင်နှင့် အခြားတိုင်းရင်းသား ၅ ဦးထက်မက သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။
မွတ်ဆလင် အများစုနေထိုင်သော ယင်းဒေသတွင် လူနည်းစုဖြစ်သော တိုင်းရင်းသားများမှာ အိုးအိမ်ပျက်ဆီးမှု၊ အသက်အန္တရာယ် စိုးရွံ့မှုများကြောင့် မြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းနှင့် အစိုးရ အဆောက်အဦး တို့တွင် ခိုလှုံနေကြပြီး ထိုဒုက္ခသည်များကို ဒူ-ဗိုလ်ချုပ်ကြီးလှမင်းဦးဆောင်သော အစိုးရအဖွဲ့ဝင်များက ယနေ့ လာရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။
“လုံခြုံရေးတွေကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးမယ်။ နောက်ထပ် ဒီလိုမျိုး မဖြစ်အောင်လို့ လုံထိန်းအင်အား၊ တပ်အင်အားတွေကို မြှင့်တင်ပေးမယ်ပေါ့။ ဒီလူတွေ အတွက်လည်း မပူနဲ့ စားစရာ သောက်စရာတွေလည်း ပေးမယ်လို့ ဗိုလ်ချုပ်လှမင်းက ပြောသွားတယ်” ဟု မောင်တောရှိ အလိုတော်ပြည့်ကျောင်း ဆရာတော် တပါးက ဧရာဝတီသို့ မိန့်ကြားသည်။
ဆရာတော်က ထပ်ပြီး “ကြောက်လန့်နေတဲ့လူတွေကိုလည်း အားပေးတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့အိမ်တွေ ပြန်စရာမရှိလို့ လောလောဆယ် ဘုန်းကြီး ကျောင်းမှာ ခေတ္တခဏ နေထိုင်ပြီးတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အိမ်တွေဆောက် ပေးမယ် ပြောတယ်” ဟု ဆက်ပြောသည်။
အကြမ်းဖက်သူများ ဝင်ရောက်တိုက်ခိုက်စဉ် အနီးအနားရှိ တောတောင်များအတွင်း ထွက်ပြေးပုန်းရှောင်ခဲ့ကြသော ဒေသခံ တိုင်းရင်းသားများကို အစိုးရတပ်များမှ ဦဆောင်ကာ လိုက်လံ ကယ်ဆယ်လျက်ရှိပြီး မြို့ပေါ်ရှိ အလိုတော်ပြည့်ကျောင်း၊ ဗဟိုကျောင်းနှင့် အောင်မြေဗောဓိကျောင်း အပါအဝင် စာသင်ကျောင်းနှင့် အစိုးရ အဆောက်အဦး အချို့တွင် ကယ်ဆယ်ထားပြီး အလိုတော်ပြည့် ကျောင်းတခု တည်းတွင်ပင် ၄၀၀ ကျော်ရှိနေသည်။
အဆိုပါကယ်ဆယ်ရေးစခန်းများသို့ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်တို့ လာရောက်ပြီး အားပေးနှစ်သိမ့်ခဲ့ကြကြောင်း ဒုက္ခသည်များက ပြောသည်။
ကြောက်လန့်ပြီး ထွက်ပြေးနေသော တိုင်းရင်းသားများကို ရှာဖွေကယ်ဆယ်ရန်နှင့် ကယ်ဆယ် ထားသူများကို ပြန်လည်နေရာချထားရေးများ လုပ်ဆောင်ရန်အတွက် နေပြည်တော်က ညွှန်ကြားမှုဖြင့် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ် မှ ဗိုလ်မှူးကြီးအောင်ကြီးကို တာဝန်ပေးအပ်ထားကြောင်းသိရသည်။
ထို့အတူ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ကို ဗိုလ်မှူးကြီး အောင်ကြီး ဦးဆောင်သော ၇ ဦးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်လိုက်သော နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်ကလည်း ဆိုသည်။
“ဦးဇင်းတို့ မြို့ပေါ်မှာလည်း စစ်တပ်က လုံခြုံရေးယူထားပေးပါတယ်။ နောက် နယ်တွေဘက်မှာရော၊ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေဘက်မှာရော ဘာမှမဖြစ်သေးတဲ့နေရာတွေမှာရော အကုန် လုံခြုံရေးယူပေးထားတယ်။ အခြေအနေတွေကတော့ ငြိမ်သက်သွားပြီဆိုပေမယ့် လူတွေက သွေးလန့်နေကြတယ်” ဟု အလိုတော်ပြည့်ကျောင်း ဆရာတော်က မိန့်ကြားသည်။
ယမန်နေ့မွန်းလွဲပိုင်းမှ စပြီး ယနေ့နံနက် ၅ နာရီထိ မောင်းတောမြို့နယ်အတွင်း ရခိုင်နှင့် အခြား တိုင်းရင်း သားများ နေထိုင်သည့် အိုးအိမ်နှင့် လုပ်ငန်းများကို အကြမ်းဖက်သူများက ဖျက်ဆီးခဲ့ကြရာတွင် ကျေးရွာ ၁၇ ရွာ လုံးဝပြာကျပျက်စီးခဲ့ပြီး တချို့ရွာများလည်း မီးရှို့ခံခဲ့ရသေးသည်။
ရွာလုံးကျွတ်မီးရှို့ အကြမ်းဖက်ခံခဲ့ရသော ကျေးရွာခံများ အလိုတော်ပြည့်ကျောင်းကို ရောက်ရှိပြီး ဒဏ်ရာများနှင့် မောင်တောဆေးရုံမပို့ဆောင်မီ ဧရာဝတီက ဆက်သွယ်မေးမြန်းခွင့်ရခဲ့သည်။
“ကျမတို့ကလည်း အစက အစိုးရလုံခြုံရေး လာမယ်ဆိုပြီးစောင့်နေပါတယ်။ ဘာမှ မလုပ်ဘူး အထင်နဲ့နေခဲ့တာ သူတို့က အုပ်စုလိုက်ကြီး ဝင်လာပြီး ကျမတို့ကို ဝိုင်းပြီး ခုတ်တာ တရွာလုံးကို၊ ဘုန်းကြီးကျောင်းက စပြီး တရွာလုံးမီးရှို့တယ်။ ပြေးတဲ့လူတွေကို နောက်ကလိုက်ပြီးဓားနဲ့ခုတ်ပါတယ်။ ကျောင်းဆရာ တယောက်နဲ့ သုံးယောက်ပွဲချင်းပြီး ဆုံးသွားပါတယ်” ဟု ဒဏ်ရာများရရှိနေသော ရခိုင်အမျိုးသမီး တဦးက ပြောသည်။
၎င်းကိုယ်တိုင် လက်နှင့် ပုခုံးများတွင် ဒဏ်ရာများရရှိခဲ့ပြီး ဖခင်ဖြစ်သူလည်း ချိန်းကြိုးဖြင့် ရိုက်ခံထားရသဖြင့် ဆေးရုံတင်လိုက်ရသည်။ အကြမ်းဖက်သူများသည် နယ်မြေခံများသာမက မျက်နှာစိမ်း လူများကိုပါတွေ့ရကြောင်း ထိုသူများက အတင်းဝင်ရောက်၍ ပစ္စည်းများလုယက်ခြင်း အသက်ရန်ရှာခြင်းများ ပြုလုပ်ကြောင်း သူကဆက်ပြောသည်။
ပုန်းအောင်းနေရာမှ လွတ်မြောက်လာသည့် အခြား အမျိုးသမီးတဦးကလည်း “ကျမတို့က တောထဲမှာ ကုလားတွေ ရှာမတွေ့အောင်ပုန်းနေရတာ၊ သူတို့ကတွေ့ရင် သတ်မှာ၊ ဒီမနက် မီးလောင်တဲ့နေရာတွေမှာ စစ်တပ်တွေရောက်လာတာ နေရာယူတာတွေတော့ အားရှိသွားတယ်။ အဲဒါနဲ့ တောထဲကနေ ပြေးထွက်ပြီးတော့ အကူအညီ တောင်းတယ်။ တပ်က ကျမတို့ တဖွဲ့လုံးကို ကယ်လာတာ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော အစိုးရက နယ်မြေအေးချမ်းလုံခြုံရေးအတွက် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားသည်။ အစိုးရတပ်များ နေရာအနှံ့ လုံခြုံရေးယူပေးထားသည်ကို တွေ့ရပြီး အကြမ်းဖက်သူများ ထပ်မံထွက်လာခြင်းကို မတွေ့ရဟု ဒေသခံများကပြောသည်။
မတည်မငြိမ်ဖြစ်နေသော မောင်တောမြို့တွင် မြို့ခံ ရခိုင်များအပါအဝင် တခြား တိုင်းရင်းသားများနှင့်အတူ အစိုးရရုံးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ NGO အဖွဲ့များသည် မောင်တောမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေရကြောင်း၊ မြန်မာအစိုးရက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးနေသော်လည်း မောင်တောမြို့၏ မြို့စွန်နေရာများတွင် နေထိုင်သော အနည်းစု မြန်မာတိုင်းရင်းသားများမှာလည်း လုံခြုံရေးစိုးရိမ်နေရကြောင်း သိရှိရသည်။