ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် ဖြစ်ရပ်မျာသည် တရားဥပဒေ စိုးမိုးရေး အားနည်းနေခြင်းကို ပြသနေကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက နေပြည်တော်တွင် ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
“ဒီဖြစ်စဉ်ကြီးကို ကြားလိုက်ရတော့ အင်မတန် စိတ်မကောင်းဖြစ်ရတယ်၊ တရားဥပဒေ စိုးမိုးမှု နည်းတယ်လို့ ပြောလို့ ရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူများသည် ဥပဒေလိုက်နာမှု အလေ့အကျင့် အားနည်းနေသေးကြောင်း၊ သို့သော် ဥပဒေ စိုမိုးမှုအပိုင်း အားကောင်းသည် ဆိုသော နိုင်ငံများတွင်လည်း ယခု အဖြစ်အပျက်များ ဖြစ်ပျက်တတ်ကြောင်းကို နော်ဝေနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် နှိုင်းယှဉ်ကာ ဦးရွှေမန်းက ပြောသွားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ရပ်ကွက်တွင် လူသုံးဦးက အမျိုးသမီးတဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း တောင်ကုတ်မြို့တွင် လူ ၁၀ ဦးအား လက်တုံ့ပြန် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး မေ ၈ ရက်နေ့ ညနေပိုင်း၌ ရခိုင်ပြည်နယ်နှင့် ဘင်ဂလားဒေရှ် နယ်စပ်ရှိ မောင်းတောမြို့တွင် ဆူပူတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံး၍ အိမ်ခြေ ၃၈၀ ကျော် မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ယခုဖြစ်ရပ်တွင် ရခိုင်ပြည်တွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကျူးကျော်ဝင်ရောက် နေထိုင်လျှက်ရှိသော ဘင်္ဂါလီများက ဒေသခံ ရခိုင် တိုင်းရင်းသားများအား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အင်တာနက် လူမှုကွန်ရက် တခုဖြစ်သည့် facebook စာမျက်နှာတွင် ပြောဆို ရေးသား ဝေဖန်နေကြသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး “အခုဖြစ်တဲ့ကိစ္စက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဖြစ်နေတဲ့ စိတ်ခံစားမှုတွေလို့ ကျနော် မြင်တယ်။ မြန်မာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ပြသနာလို့ မမြင်ပါဘူး။ တဘက်က ဝင်လာတဲ့ ရိုဟင်ဂျာတွေကြောင့် ဖြစ်ရတာပါ။ တဘက်က ဝင်လာတဲ့သူတွေ များလာတဲ့အတွက် အခုလို ပြဿနာတွေ ဖြစ်လာတာပါ။ ကျနော်တို့က လူသားချင်း စာနာမှုအရ လက်ခံထားတာရယ်၊ နိုငံတကာ ဆက်ဆံရေးတွေကြောင့် အားနာလို့ လက်ခံထားခဲ့တာပါ။ သဘောကောင်းခဲ့တာကို ဖိအားပေးလာတဲ့ သဘောပါ။ ကျနော်တို့ကတော့ အချုပ်အခြာအာဏာကို အထိပါးမခံနိုင်ပါဘူး။ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားမဟုတ်လို့ လက်မခံနိုင်ပါဘူး” ဟု ပြောကြားခဲ့ကြောင်း ယမန်နေ့ကထွက်ရှိသည့် ပြည်တွင်းထုတ် The Voice အပတ်စဉ် သတင်းဂျာနယ်တွင် တွေ့ရသည်။
အစ္စလမ်ဘာသာဝင် တဦးဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကလည်း မောင်းတောမြို့နယ်မှ ဖြစ်ရပ်သည် မင်းမဲ့စရိုက် ဆန်လွန်းသောကြောင့် လုံးဝ ကန့်ကွက် ရှုတ်ချကြောင်း ဧရာဝတီကို ပြောသည်။
ထို့အပြင် ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမကို မီးရှို့မည်ဆိုသော ကောလာဟလ သတင်းများလည်း ထွက်ပေါ်နေကြာင်း မြို့ခံများ၏ ပြောဆိုချက်များအရ သိရသည်။