ဒေါက်တာအေးမောင်နဲ့ စကားပြောဖြစ်တယ်။ သူပြောတာက စစ်တွေမှာ မနေ့ညကလည်း တော်တော်အခြေအနေဆိုးနေတယ်၊ ဒီနေ့လည်းအခြေအနေမကောင်းဘူး၊ ကာဖျူးထုတ်ဖို့ တောင်းဆိုထားတယ်။ နေရာ ၅ နေရာလောက်မှာ ထိပ်တိုက်ရင်ဆိုင်မှုရှိနေတယ်။
လုံထိန်းအင်အားနည်းပါးတယ်၊ တိုးချပေးဖို့ တောင်းဆိုထားတယ်။ မောင်းတောကနေ ဘူးသီးတောင်ကို ပြေးလာတဲ့ ရခိုင်စစ်ပြေးတွေများနေပြီ။ ဘင်္ဂါလီတွေက ကိုယ့်အိမ် ကိုယ် မီးရှို့ ဖျက်ဆီးနေတယ်လို့ သတင်းတွေရနေတယ်။
ဒီအဖြစ်အပျက်ကို နောက်ကွယ်က ကြိုးကိုင်သူတွေလည်း ရှိတယ်လို့ သူက ထင်တယ်။
အစိုးရဘက်က၊ အထူးသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ခံ (နစက) ကို ကိုင်တွယ်တဲ့ နစက ဦးစီးမှူး ဗိုလ်မှူးချုပ်အောင်ကြီးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ မောင်းတောမှာ ဆူပူမှုလုပ်တုန်းက အခြေအနေကို ချက်ခြင်း နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ရဲ့သားနဲ့ မီးရှို့တာကို နစကရယ် ရဲရယ်က ကြည့်နေတယ်။ အဲဒီတော့ ပိုဆိုးလာတယ်။ ဗိုလ်မှူးချုပ် အောင်ကြီးက မောင်းတော မူဆလင် စီးပွားရေးသမားတွေနဲ့ အလုပ်လုပ်ကိုင်နေတယ်။ အဲဒါကြောင့် ကိုင်တွယ်မှု လျော့ရဲခဲ့တယ်လို့ မြင်တယ်။
နောက်တချက် စစ်တွေမှာ ဈေးကောက်ကိစ္စ ဆန္ဒပြတော့ သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းတယ်။ အခုလို အရေးအခင်းမျိုးကျတော့ လျှော့ပေးထားတယ်။ ဒါကြောင့် ဦးသိန်းစိန် အစိုးရသစ်ကို သိက္ခာကျအောင်၊ အကျပ်အတည်းတွေ့အောင် လုပ်ချင်သူတွေ ရှိတယ်လို့ သုံးသပ်တယ်။
နောက်တချက်က နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာလှုပ်ရှားမှုနဲ့ ဆက်စပ်နေတယ်။
လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်မှာ ရိုဟင်ဂျာအရေးကို ကမ္ဘာက အာရုံစိုက်အောင် လုပ်နေတယ်။ ဒါမှ နိုင်ငံတကာမှာ ရိုဟင်ဂျာကိစ္စပိုသိသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေ၊ ကမ္ဘာ့ခါင်းဆောင်တွေက မေးခွန်းတွေမေးမယ်။ အဲဒီမှာ ရိုဟင်ဂျာကိစ္စ ဒေါ်အောင်ဆန်းစုကြည် အဖြေမတတ်ရင် ကွဲမယ်။
ရိုဟင်ဂျာဟာ မြန်မာနိုင်ငံမှာ မှီတင်းနေသူတွေလို့ ဖြေရင် ရခိုင်တိုင်းရင်းသားနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရန်တိုက်ပေးရာလည်း ရောက်မယ်။ နောက် ပြည်နယ်လည်း တောင်းလာနိုင်မယ်၊ ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါကို သုံးလာနိုင်တယ်လို့ သူက သုံးသပ်တယ်။
အခုဆို RSO လို့ ခေါ်တဲ့ ရိုဟင်ဂျာ လက်နက်ကိုင် တွေပါ ပါလာပြီလို့ ဆိုတယ်။ ရခိုင်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့်လက်ထက် ၂၀၀၄ ခုနှစ်က လက်နက် အပြည်အစုံနဲ့ ဝင်လာတဲ့ ရိုဟင်ဂျာတွေကို စစ်ဆင်ရေးလုပ်ဖူးတယ်။ ဒီပြဿနာက ၁၉၄၂ ခုနှစ် အင်္ဂလိပ် မြန်မာပြည်က အဆုတ်မှာ စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်ပညာတတ် ICS ဦးဦး ကျော်ခိုင်သေဆုံးခဲ့ရတယ်။
လွတ်လပ်ရေးရပြီး ၁၉၄၉ မှာ မူဂျာဟစ်လှုပ်ရှားမှုကြောင့် ဗမာ့သေနတ်ကိုင်တပ်ရင်း ၅ က နှိမ်နင်းခဲ့ရတယ်။