ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တို့၌ ပုဒ်မ (၁၄၄) ညမထွက်ရ (နေဝင်မီးငြိမ်း) အမိန့်ကို ယနေ့ ရက်စွဲဖြင့် အစိုးရက ထုတ်ပြန်လိုက်သည်။
စစ်တွေမြို့ပေါ်နှင့်အနီး တဝိုက်ရှိ ရပ်ကွက်ကျေးရွာ တချို့ မီးရှှို့ခံခဲ့ရပြီး ဒေသခံတိုင်းရင်းသားများ အပေါ် ဘင်္ဂလားဒေ့ရှ်မှ လာရောက်အခြေချ နေထိုင်နေသည့် ဘင်္ဂါလီလူမျိုး များက အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လာရာမှ အခြေအနေများ တင်းမာပြီး ပဋိပက္ခများ ဖြစ်ပွားလျှက်ရှိသည်။
“မင်းဂံရပ်ကွက် ကို မီးရှှို့ခံရတာ မီးခိုးတွေထွက်နေ တုန်းပဲ။ မီးရှှို့မခံရသေးတဲ့ ရပ်ကွက်က လူတွေလည်း အိမ်တွေ ပစ်ထားခဲ့ပြီး ဘုန်းကြီးကျောင်းတွေမှာ လာစုနေကြပြီ။ အများစုက ကလေးနဲ့ အမျိုးသမီးတွေ” ဟု စစ်တွေမြို့ခံ တဦးက ပြော သည်။
မီးရှှို့ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ် ထိန့်လန့်၍ မိမိတို့နေအိမ်များကို စွန့်ခွာ ထွက်ပြေးလာသည့် ဒေသခံပြည်သူ များကို စစ်တွေမြို့ မင်းဂံ ၈ ရပ်ကွက်နှင့် ၂ ရပ်ကွက် ဓမ္မာရုံ၊ အဓိဌာန် ဆရာတော်ကျောင်း၊ မြို့ပေါ်ရှိ ဘုန်ကြီးကျောင်း တချို့ တို့တွင် ဒုက္ခသည် စခန်းများ ဖွင့်လှစ်၍ စောင့်ရှောက်ထားကြောင်း၊ စစ်တွေမြို့ပေါ်ရှိ မိဇံရပ်ကွက်သည် ယခုအချိန်ထိ မီးလောင် နေဆဲဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲမြို့နယ်တို့ရှိ ဒေသခံများနှင် ဘင်္ဂါလီလူမျိုးများအကြား ပဋိပက္ခဖြစ်ပွားမှု တချို့ရှိနေ၍ ညဘက်တွင် တအိမ်တယောက် ထွက်ကာ ကင်းစောင့် ညအိပ်နေကြရကြောင်း ကျောက်ဖြူ မြို့ခံများ က ဧရာဝတီကို ပြောသည်။
“ညဘက်မှာ အိမ်တွေကို မီးကွင်းနဲ့ ပစ်တာတို့၊ အိမ်ပေါ်တက် အကြမ်းဖက် တိုက်ခိုက်တာတို့ ဖြစ်လာမှာကို မြို့ခံတွေက စိုးရိမ် နေကြတယ်” ဟု ကျောက်ဖြူ ဒေသခံ တဦးက ဆိုသည်။
မောင်တောမြို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဒေသခံတိုင်းရင်းသားများနှင့် နိုင်ငံသားမဟုတ်သော ဘင်္ဂါလီတို့အကြား ပဋိပက္ခ ဖြစ်ပွားရာမှ ၎င်း ဘင်္ဂါလီတို့က မောင်တော အနီးတဝိုက်ရှိ ကျေးရွာ ၂၀ ခန့်အား မီးရှှို့ခြင်း၊ ဒေသခံ တိုင်းရင်းသား တချို့အား သတ်ဖြတ်ခြင်းတို့ ပြုခဲ့ခြင်းကြောင့် ဇွန်လ ၈ ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သေးသည်။
စစ်တွေမြို့ပေါ် ပဋိပက္ခသည် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် တဘက်နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ဘင်္ဂါလီ လူမျိုးတို့အကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာမှ စတင်ခဲ့သည်။ လတ်တလော ပဋိပက္ခများကြောင့် ရခိုင်အမျိုးသား ၅ ဦးကို ဆေးရုံ တင်ထားရကြောင်း၊ တဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။ အတည်မပြု နိုင်သေးသည့် သတင်းများအရ မင်းဂံ ရပ်ကွက်ရပ်ကွက် မှ လူနှစ်ဦး သေဆုံး သွားသည်ဟုလည်း ဆိုသည်။
စစ်တွေမြို့ တရားသီစု ရပ်ကွက်နှင့် ရွှေပြားတောင် ရပ်ကွက်တို့၌ နေထိုင်သော ဘင်္ဂါလီ လူမျိုးများသည် ၎င်းတို့ နေအိမ် များကို မီးရှှို့၍ အသင့်ကြိုတင် စီစဉ် ထားသော စက်လှေ၊ မော်တော်များဖြင့် ကုလားတန်မြစ်ထဲသို့ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
“ဒီရပ်ကွက်တွေမှာ အများစုက ပိုက်လုပ်တဲ့ ဘင်္ဂါလီတွေ နေကြတာပါ။ သူတို့အိမ် သူတို့မီး ရှှို့တာကို ရခိုင်တွေ က မီးရှှို့တဲ့ ပုံစံဖြစ်အောင် ကြိုတင်စီစဉ်ပြီး အကွက်ကျကျ လုပ်ဆောင်လိုက်ကြတာပါ။ မြစ်နားတန်းက စ လောင်ပါတယ်။ သူတို့ အိမ်တွေက အခိုင်အခန့်ကြီးတွေတော့ မဟုတ်ဘူး။ ရခိုင် အိမ်တွေလည်း ပါသွားပါတယ်” ဟု တရားသီစု ရပ်ကွက်နေသူ တဦးက ပြောသည်။
မောင်တော၌ ဖြစ်ပွားခဲ့ရသည့် အကြမ်းဖက်မှု များသည် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ ကိုင်တွယ်မှု အားနည်းသည့်အတွက်
ကြောင့်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေး
မောင်က ဆိုသည်။
ဒေသခံ တိုင်းရင်းသားများ၏ နေအိမ်များအား မီးရှှို့နေသည်ကို တွေ့သည့်တိုင် နယ်မြေခံ စစ်တပ်နှင့်ရဲတပ်ဖွဲ့ တို့သည် စောင့်
ကြည့်နေဆဲဖြစ်သည်ဟု ကြားသိရကြောင်း၊ ဘူးသီးတောင်၊ မောင်တော နယ်စပ် တာဝန်ယူထားသည့် ဗိုလ်မှူးချုပ် အောင်ကြီးသည် တာဝန်အရှိဆုံးဟု ယူဆကြောင်း၊ ၎င်းသည် မောင်တောမြို့ခံ ဘင်္ဂါလီ စီးပွားရေး သမားများနှင့် နီးစပ် သူလည်း ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။
“ရခိုင်ဒေသမှာ ရခိုင်နဲ့ ဘင်္ဂါလီ ထိပ်တိုက်ဖြစ်တွေ ရှိနေတယ်၊ ၅ နေရာလောက်မှာ အခြေအနေတွေ အတော် ဆိုးနေတယ်၊ ဒီတော့ လုံခြုံရေး အင်အားတွေ ထပ်တိုးချပေးဖို့၊ လိုအပ်ရင် ကာဖျူး ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု သူကဆိုသည်။
ရခိုင်ဒေသ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများ တားဆီးရန် လုံခြုံရေးအင်အား နည်းပါးနေခြင်း အပေါ်လည်း ရခိုင်ပြည်သူများက
စိုးရိမ် မကင်းဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။
ဇွန် ၁၀ ရက်နေ့ ညနေ ၄ နာရီနောက်ပိုင်းတွင် စစ်တွေမြို့ RNDP ရုံး မီးလောင်သည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီး ဧရာဝတီက RNDP ရုံးသို့ ဆက်သွယ်၍ မရတော့ပေ။
ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာန ဝက်ဘ်ဆိုက်တခုတွင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် မြန်မာပြည်မှ ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်လာမည် စိုးသဖြင့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့် လုံခြုံရေး တပ်များကို ပိုမို တိုးမြှင့်ထားမည်ဟု ရေးသားထားသည်။
အစိုးရက ယနေ့ ထုတ်ပြန်လိုက်သည့် ညမထွက်ရ အမိန့်သည် ညနေ ၆ နာရီမှ နံက် ၆ နာရီအထိ ဖြစ်ပြီး နောက်ထပ် အမိန့် တစုံတရာ မထုတ်ပြန်ခင်အထိ ယင်းအမိန့် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။