ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများ အနေဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခသတင်းများ ရေးသားရာတွင် ဆူပူမှု ဖြစ်ပွားစေရန် လှုံ့ဆော်သည့် အရေးအသားများပါရှိပါက ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်အရေးယူနိုင်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတိပေးလိုက်သည်။
ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီက ရန်ကုန်အစိုးရအဖွဲ့ရုံးတွင် သတင်းမီဒီယာအားလုံးကို ခေါ်ယူသတိ ပေးလိုက်ခြင်းဖြစ်ပြီး ယင်းပွဲကို “ရခိုင်ကိစ္စ သတင်းစာရှင်းလင်းပွဲ” ဟု ခေါင်းစဉ်တပ်ထားသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ဦးမြင့်ဆွေက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော သတင်းများကို ရေးသားဖော်ပြရာတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လှုံ့ဆော်သည့် အရေးအသားများ မပါရှိစေရေး သတိထားရန်နှင့် ဆူပူမှု ဖြစ်ပွားစေရန် လှုံ့ဆော်သည့် ရေးသားမှုများ ပါရှိပါက ဥပဒေပုဒ်မ ၅ (ည)၊ ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၉ နှစ်အထိ ချမှတ် အရေးယူနိုင် သည်ဟု ဆိုသည်။
“သတင်းမီဒီယာတွေရဲ့ လက်ဦးရလိုမှုကြောင့် သတင်းတွေကို ပြိုင်ဆိုင်ဖော်ကြရာမှာ ပိုပြီးတော့ မတည်မငြိမ် မှုတွေ ဖြစ်လာတယ်။ အခုအချိန်က တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ ရေးသားတဲ့ အခါမှာလည်း ကိုယ့်ဂျာနယ် ရောင်းရဖို့ တိုင်းပြည် ဘာဖြစ်ဖြစ်၊ လူမျိုးဘာဖြစ်ဖြစ် ရေးကြသားကြ တာတွေရှိတယ်။ ဒါတွေက တိုင်းပြည် မငြိမ်မသက် ဖြစ်သွားနိုင်တယ်” ဟု ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောသည်။
လက်ရှိမီဒီယာများသည် အဓိကရုဏ်းများ ဖြစ်ပွားနိုင်အောင် လှုံ့ဆော်ရေးသား နေသည်ဟု ပြောဆိုပြီး မီးလောင်ရာ လေပင့် လုပ်ဆောင်သည်ကို တွေ့ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ပြဋ္ဌာန်းထား သော်လည်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိခိုက်ရဟု
ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် ဥပဒေမလိုက်နာ သော သတင်းမီဒီယာများကို အရေးယူရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ပြန်ကြားရေးအပိုင်းက စာပေဆိုင်ရာ အချက်တွေ ချိုးဖောက်လို့ အရေးယူတာရှိသလို အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပြစ်မှုပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ အရေးယူသင့်တာ ယူရမှာ ဖြစ်ပါတယ်။ ကြိုတင် ပြောတာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
သတင်းမီဒီယာအပေါ် အရေးယူမည့် တည်ဆဲဥပဒေများမှာ ပုဒ်မ ၅ (ည) ဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်နှင့် ငွေဒဏ် ထောင်ဒဏ်များ ချမှတ်နိုင်ကြောင်း၊ ယင်းအပြင် ပုဒ်မ ၅၀၅ (ခ) အရလည်း ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုအတွက် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း ၎င်းက ရှင်းလင်းသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကလည်း သတင်းများအားလုံး စာပေစိစစ်ရေး၏ စိစစ်ဖြတ်တောက်မှု အောက်တွင်သာ ဖော်ပြရမည်ဖြစ်ပြီး စာပေစိစစ်ရေးကို တင်ပြခြင်းမရှိဘဲ ဖော်ပြလျှင် ၁၉၆၂
စိစစ်ရေးဥပဒေနှင့် အရေးယူမည် ဖြစ်ကြောင်း ပြောသည်။
“သတင်းတွေအားလုံး စာပေစိစစ်နဲ့မှတ်ပုံတင်ဌာနကို မပျက်မကွက် တင်ပြပြီး ခွင့်ပြုချက်အတိုင်းပဲ ဖော်ပြရမယ်။ အဲဒါမှ ဥပဒေကို လိုက်နာတယ်လို့ မှတ်ယူရပါမယ်။ ၁၉၆၂ ဥပဒေက မဖျက်ရသေးဘူး။ အဲဒီဥပဒေအတိုင်း အရေးယူမယ်” ဟု ဦးတင့်ဆွေက ဆိုသည်။
ပြည်သူ့ခေတ် ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဖေမြင့်က ဝန်ကြီးချုပ်သည် ရခိုင် သတင်းစာရှင်းလင်းပွဲဟု ခေါ်ယူ ပြောဆိုပြီး သတင်းမီဒီယာများကို ခေါ်ယူကြိမ်းမောင်းခြင်း ဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်အညီ မဖော်ပြသော ဂျာနယ်ကို သီးခြား ခေါ်ယူမပြောဆိုဘဲ ဂျာနယ်အားလုံးကို ဝါးလုံးရှည်ဖြင့် သိမ်းကျုံး သတိပေးသည်ဟု ခံစားရကြောင်း ထုတ်ဖော် ပြောကြားသည်။
“မေးခွင့်လည်းမရှိဘူး။ ပြောချင်ရာပြောပြီး ပြန်သွားတယ်။ အဲဒါတော့ ကျနော်တို့ စိတ်မကောင်းဘူး” ဟု ဦးဖေမြင့်က ပြောသည်။
စာပေ စိစစ်ရေးဌာနမှ တာဝန်ရှိသူတဦးကမူ လျှပ်တစ်ပြက်ဂျာနယ်က အစ္စလမ် ဘာသာဝင်များနှင့် မြန်မာများအကြား ဆူပူမှု ဖြစ်ပွားစေနိုင် လောက်သော သတင်းနှင့်ဓာတ်ပုံများ ထည့်သွင်းဖော်ပြခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဂျာနယ်များ အားလုံးကို အစိုးရက ခေါ်ယူသတိပေးခြင်းဖြစ်သည်ဟု ဆိုသည်။
စာပေစိစစ်ရေး အနေနှင့် သတင်းဂျာနယ်အများစုက စိစစ်ရေးမတင်တော့ဘဲ လုပ်ကိုင်ဆောင်ရွက်နေမှုများ အပေါ် မချင့်မရဲဖြစ်ကာ လျှပ်တစ်ပြက်ဂျာနယ်၏ အမှားမှ စာနယ်ဇင်းအားလုံးကို ပြန်လည်ထိန်းချုပ်လာခြင်း ဖြစ်နိုင်ကြောင်း
ပြည်တွင်း သတင်းသမားများက သုံးသပ်သည်။
“မီဒီယာ တော်တော်များများ ကျင့်ဝတ်နဲ့အညီ ထိန်းကြတယ်။ စုန်းပြူးတော့ ရှိတာပေါ့။ အဲဒီစုန်းပြူးကို အရေးမယူဘဲ အားလုံးကို တပြေးညီ သတ်မှတ်ပြီး ပြန်ထိန်းချုပ်တာပဲ။ စာပေစိစစ်ရေး ကိုယ်တိုင်ပြောနေတဲ့ ဇွန်လကုန်ဆိုရင် စာပေစိစစ်ရေး ဖျက်ပြီဆိုတာက အခုပုံစံ အတိုင်းဆိုရင်တော့ မဖြစ်နိုင်တော့ဘူး” ဟု ပြည်တွင်းသတင်းထောက် တဦးက ဆိုသည်။
ရခိုင်ပြည်နယ် အရေးကိစ္စကြောင့် ပြည်တွင်းဈေးကွက်တွင် သတင်းဂျာနယ်အများစု လက်မလည်အောင် ရောင်းချ နေရသည်ဟု ဖြန့်ချိရေးသတင်းရပ်ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အလားတူ ရခိုင်ပြည်နယ် ကိစ္စ ဖြစ်ပျက်ပြီး နောက်ပိုင်း ပြည်တွင်းနေ မြန်မာများသည် အင်တာနက်ပေါ်မှ သတင်းများကို စိတ်ဝင်စားမှု ပိုမိုများပြားလာကြောင်းလည်း ကြားသိရသည်။
သတင်းဂျာနယ်တချို့သည် လူထုအကြား ထုတ်ဝေဖြန့်ချိသည့် စာမျက်နှာများပေါ်တွင် ကျင့်ဝတ်နှင့်အညီ ဖော်ပြ ကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာများပေါ်တွင်မူ ကျင့်ဝတ်နှင့်အညီ ဖော်ပြခြင်းမရှိဘဲ ဆူပူမှုကို လှုံ့ဆော်သည့် အရေးအသားများ မြင်တွေ့နေရကြောင်း ဝေဖန်မှုများလည်း ရှိသည်။
ယမန်နေ့ညက သတင်းစာရှင်းလင်းပွဲသို့ လာရောက်သည့် အယ်ဒီတာတဦးက “အင်တာနက်က မီးလိုပဲ၊ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဖြစ်မယ်။ မီဒီယာတွေ အင်တာနက်ပေါ်မှာ သတင်းဖြန့်တာ တအားမြန်လာတယ်။ မြန်တာ ကောင်းပေမယ့် ရေးတဲ့သားတဲ့ နေရာမှာ ထိန်းချုပ်သင့်တယ်” ဟု ပြောသည်။