ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ရခိုင်နှင့် မြန်မာတိုင်းရင်းသားများက ရန်ကုန် မြို့တော်ခန်းမရှေ့၌ ယနေ့ နံနက် ၁၀ နာရီခန့်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။
“လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ အစ္စလမ် ဘာသာဝင်တွေနဲ့ တိုက်ခိုက်ဆန့်ကျင်နေတဲ့ ဘာသာရေး အဓိကရုဏ်း မဟုတ်ပါဘူး၊ အလွန်မင်းမဲ့စရိုက်ဆန်တဲ့ အကြမ်းဖက်နေမှုသာ ဖြစ်ပါတယ်။ မထင်မှတ်ဘဲ တစတစ ကြီးထွား လာတဲ့ ရခိုင်ပြည်နယ် အရေးကိစ္စဟာ လူမျိုးရေး အဓိကရုဏ်း အသွင်မဟုတ်ဘဲ အမျိုးသားရေး ထိပါး စော်ကားမှု ဖြစ်လာတဲ့
အတွက် ဒီကိစ္စကို နိုင်ငံတော်က အမြန်ဆုံး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ပေးစေလိုပါတယ်” ဟု ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။
ဆက်လက်၍ ၎င်းတို့က နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု တသားတည်းရှိမှု၊ ပြည်သူလူထု၏ ယုံကြည်အားထားမှုကို
နိုင်ငံတော်အစိုးရ အနေနှင့် အရယူစေချင်ကြောင်း၊ အမျိုးသားရေးတာဝန် တရပ်အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့်
အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ မြန်မာနိုင်ငံတွင် အမှန်တကယ် မွေးဖွားခဲ့သူများ အားလုံး၏ ပြည်သူ့အသက် စည်းစိမ် အိုးအိမ်များ ကာကွယ် စောင့်ရှောက်ရေး၊ အကြမ်းဖက်မှု အဆွယ်အပွားများ ပပျောက်စေရေးတို့အတွက် အမြန်ဆုံး စီစဉ်သင့်ကြောင်း နိုင်ငံတော်အစိုးရထံ တောင်းဆိုလိုက်ကြောင်း ပြောကြားသည်။
ခိုးဝင်လာသော နိုင်ငံခြားသားများကို ရှောင်တခင်စိစစ်ခြင်းနှင့် သန်းခေါင်စာရင်း စစ်ခြင်းများ ပြုလုပ်ပေးစေလိုကြောင်း၊ မြန်မာပြည် နယ်စပ်ဒေသများတွင် တာဝန် ထမ်းဆောင်နေဆဲ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများအနေဖြင့် အဂတိ လိုက်စားမှုများရှိနေပါက တင်းကျပ်သော အရေးယူခြင်း နည်းဥပဒေစနစ်များ အမြန်ဆုံး ပြောင်းလဲပေး စေလိုကြောင်း၊ ယခင်က ရခိုင်ပြည်နယ်နှင့် တခြားသော နယ်စပ်များတွင် နိုင်ငံခြားသားများကို နိုင်ငံအတွင်း တရားဝင် နေထိုင်ရန်
ဖန်တီးပေးသည့် အကျင့်ပျက် လာဘ်စားမှုများ ကျူးလွန်ခဲ့သော လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများကို ပြန်လည် ဖော်ထုတ် အရေးယူ ပေးစေလိုကြောင်း၊ ပြည်သူများ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် အရေးဆိုနိုင်ရန် လွှတ်တော်တွင် အချိန်ဆွဲမနေဘဲ နည်းဥပဒေသများ အမြန်ဆုံး ပြဌာန်းပေးစေလိုကြောင်း ရန်ကုန်နေ ရခိုင်နှင့် မြန်မာ တိုင်းရင်းသာများ ပါဝင်သည့် ဆန္ဒဖော်ထုတ်သူများက ပြောသည်။
ဆန္ဒထုတ်ဖော်သူ များထဲတွင် ကျောင်းသားများ၊ ရှေ့နေများ၊ လုပ်ငန်းရှင်များ၊ ခရီးသွား ဧည့်လမ်းညွှန်များ စသည်ဖြင့် နယ်ပယ်အသီးသီးမှ လူဦးရေ ၂၀ ခန့်ပါဝင်ပြီး ၎င်းတို့၏ စုပေါင်းကြေညာချက်ကို ဖတ်ပြကြသည်။ မိနစ် ၃၀ ခန့် ဆန္ဒ ထုတ်ဖော်ပြီးချိန်တွင် ရဲများက လူစုခွဲခိုင်းသဖြင့် ဆန္ဒထုတ်ဖော်ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခ အခြေအနေမှာ ယနေ့ နံနက်အထိ စိုးရိမ်စရာ အခြေအနေ ရှိနေပြီး ယမန်နေ့ညမှစတင်၍ စစ်တွေ အပါအဝင် ၄ မြို့နယ်တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန် ကြေညာခဲ့သည်။
သို့ရာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်မှု မရှိသောကြောင့် နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် အရေးပေါ်အခြေအနေ ကြေညာကာ ယနေ့မှစတင်၍ တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်တော့မည်ဟု သိရသည်။