သမ္မတ ဦးသိန်းစိန်က ဇွန်လ ၁၀ ရက် ညမှ စတင်၍ ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာလိုက် သည့် အပေါ် နိုင်ငံရေး အင်အားစုများက ထောက်ခံကြကြောင်း သတင်းရရှိသည်။
“တိုင်းပြည်အတွက် အရေးပေါ် အခြေအနေ လိုအပ်လာပြီဆိုရင်တော့ ဒါဟာ မလွှဲမရှောင်သာ လုပ်ကြရမှာပဲ။ အရပ်ဘက် အဖွဲ့
အစည်းတွေက ထိန်းချုပ်လို့ မရတော့ဘူး၊ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ထိခိုက်လာပြီဆိုရင်တော့ စစ်တပ်အုပ်ချုပ် ရေး မလွှဲသာ မရှောင်သာ ဝင်လာရတော့မှာပဲလေ။ ဒါပေမယ့် စစ်အုပ်ချုပ်ရေးကို ကျနော်တို့ မလိုလားဘူး၊ ဒါကိုလည်း ကွဲကွဲပြားပြား ဖြစ်စေချင်တယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ကိုကိုကြီး က ဧရာဝတီကို ပြောသည်။
ပြည်သူ့ဘ၀ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးကို လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများကသာ တာဝန်ယူရခြင်း မဟုတ်ဘဲ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း တတ်နိုင်သလောက် ဝိုင်းပြီးထိန်းသိမ်း နေကြကြောင်း၊ ထို့ကြောင့် မကြာမီတွင် ပုံမှန်အခြေအနေ ပြန်ရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။
အရပ်သား အစိုးရ ပြောင်းပြီး နောက်ပိုင်း အရေးပေါ်အခြေအနေ ကြေညာခြင်းသည် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်လာပြီး ပုဒ်မ ၁၄၄ အမိန့်ထုတ်ကာ ထိန်း သိမ်းသော်လည်း ဆောင်ရွက်မရတော့သည့်အတွက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်မည်ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင် ဦးတင်ဦးက“အရေးပေါ်အခြေအနေ ကြေညာရတဲ့ အထိ ဆိုတာကတော့ မလိုလား အပ်ဘူးပေါ့၊ သို့သော်လည်း အခြေအနေ အရပ်ရပ်အရ တာဝန်ရှိတဲ့ သမ္မတလို ပုဂ္ဂိုလ်မျိုးက မြန်မြန် အေးချမ်းမှု ရအောင် အတွက် ဒီလိုပဲ နောက်ဆုံး သုံးလိုက်ရတာပေါ့”ဟု ဧရာဝတီကို ပြောသည်။
အခြေအနေ တဖြည်းဖြည်း ပိုမိုဆိုးဝါးလာသည်ကို အကြောင်းပြု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အမြန်ဆုံးလုပ်ရမည့် ကိစ္စသည် တရား ဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်ရေး လုပ်ဆောင်ရန်လိုကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့အချိန်တွင် စည်းလုံးညီညွတ်စွာဖြင့် အားလုံး ဝိုင်းဝန်း လုပ်ကိုင်သင့်ကြောင်း သူက ဆက်ပြောသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကလည်း“နိုင်ငံတည်ဆောက်မှုကို သွားနေ တဲ့အချိန်မျိုးုမှာ အားလုံး ဝိုင်းဝန်းကူညီဖြေရှင်းတာ အကောင်းဆုံးလို့ ထင်ပါတယ်။ နိုင်ငံရေး ပါတီတွေရဲ့အကူအညီကို ယူပြီး သွားမယ်ဆိုရင် အကောင်းဆုံးဖြစ်လာမယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။
ယခု ဥပဒေနှင့် ဖြေရှင်းရမည့် ကိစ္စကို အချိန်မီ မထိန်းသိမ်းနိုင်၍ ကျယ်ပြန့်သွားသည့်ကိစ္စ ဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စ မဟုတ်ကြောင်း၊ အရေးပေါ် အခြေအနေ အမိန့်သုံး၍ ယာယီငြိမ်သက်သွားရန်လုပ်သည်ထက် နောက်ဆက်တွဲ ဆက်လက်မဖြစ် ပေါ်ရန် အားလုံး စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းလည်း သူက ဆက်ပြောသည်။
ယမန်နေ့ညကလည်း သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ ရုပ်မြင်သံကြားမှ မိန့်ခွန်း ပြောကြား ခဲ့သေးသည်။
“ဒီလို လူမျိုးစွဲ၊ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေ ကို ရှေ့တန်းတင်လျက် တဘက်နဲ့တဘက်အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင်ပြည်နယ်တွင်သာမကပိုမို ကျယ် ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
ရခိုင်ပြည်နယ် ကျောက်နီမော် ဒေသ၌ ရခိုင်အမျိုးသမီးငယ်တဦးအား မတရားပြုကျင့် သတ်ဖြတ်မှုမှ စတင်၍ မငြိမ်မသက်မှု များ ဆက်တိုက်ဖြစ်ပွားလာခဲ့ရပြီး ရခိုင်ပြည်နယ်တွင်း မြို့နယ် ၆ မြို့နယ်ကို နေဝင်မီးငြိမ်း၊ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်း ခဲ့ရသည်။
လူ့ အခွင့်အရေး လှုပ်ရှားသူ ချင်း အမျိုးသမီး မချယ်ရီဇာဟောင်း က “အရေးပေါ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တာဟာ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု ၊ လူမှုရေး မတည်မငြိမ်ဖြစ်မှုကို ဒါဟာ သက်သေပြလိုက်တာပဲလေ။ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ ဒါပေမယ့် အခုလောလောဆယ်မှာ လိုအပ်တယ်တော့ ကျမထင်တာပဲ”ဟု ဆိုသည်။
အနာဂတ်အတွက် အလားတူ ကိစ္စမျိုး မဖြစ်ရန်အတွက် မြန်မာနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ကောင်းမွန်စေရန် ပြင်ဆင် သင့်ကြောင်း၊ သတိထားသင့်သည့် အချက်မှာ တခြား တိုင်းရင်းသား ဒေသများတွင်လည်း ပုံသဏ္ဍန်အားဖြင့် ကွဲပြားသော ပဋိပက္ခများ ရှိနေခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာပြီဖြစ်ကြောင်း၊ နောက်နောင် ယခုကဲ့သို့ မဖြစ်ပေါ်စေရန် ပို၍ သတိထားသင့်ကြောင်း လည်း သူက ဆက်ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) ပုဒ်မ ၄၁၀ ၌ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ စီရင်စု စသည့် နယ်မြေတခုခုတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက် နိုင်စွမ်း မရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော် လည်းကောင်း၊ နိုင်ငံတော် သမ္မတ သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာ တည် သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်ကြောင်း ပြဌာန်းထားသည်။