ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)မှ အတွင်းရေးမှူး ၁ ခူးဦးရယ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီး သဘောတူညီချက် ၁၄ ချက်ခန့် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
အစိုးရတပ်များက KNPP ထိန်းချုပ်ဒေသများသို့ ဝင်ရောက်မှုနှင့်ပတ်သက်၍ တပ်ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်(IDP)များ ပြန်လည် နေရာချထားရေး စသည့် အချက်များအပါအဝင် ၁၄ ချက်ကို သဘောတူခဲ့ ကြောင်း KNPP အတွင်းရေးမှူး၂ ဦးအောင်ဆန်းမြင့်က ဧရာဝတီသို့ ပြောသည်။
အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့ ဒု ဥက္ကဌ ဦးအောင်မင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ KNPP ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးနှင့် ခူးဦးရယ် အပါအဝင် ကိုယ်စားလှယ် ၉ ဦးတို့ ဇွန်လ ၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး၍ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက ဆိုသည်။
“တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဘက် အလျှော့အတင်းလေးတွေ လုပ်ကြရပါတယ်၊ ကျနော်တို့ဘက်က လိုချင်တာကတော့ ၁၀၀ ရာခိုင်နှုန်း၊ ဒါပေမယ့် တခါတည်းနဲ့ မရနိုင်ဘူးဆိုတာ သိပါတယ်၊ တောင်းဆိုတဲ့ အချက် တော်တော် များများကိုတော့ သူတို့ လက်ခံသွားတယ်၊ ကျန်တာတွေကတော့ အဓိက စစ်ဘက်ဆိုင်ရာ ကိစ္စတွေပဲ၊ ဒါတွေလည်း တဖြည်းဖြည်း ညှိယူသွားရမယ်လို့ မျှော်လင့် ထား တယ်”ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။
တောင်းဆိုထားသည့် အချက်၂၀ မှ ကျန်နေသော အချက် ၆ ချက်မှာ စစ်ဘက်ဆိုင်ရာ ကိစ္စများသာ ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ထပ်မံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
ယနေ့တွင် KNPP ခေါင်းဆောင်များက ဆက်ဆံရေးရုံးများ ဖွင့်ရေးနှင့် တချို့လုပ်ငန်းများ လက်တွေ့ အကောင်းအထည်ဖော် ဆောင်ရန် လူထု အခြေပြု လူမှုအဖွဲ့အစည်း တချို့ကို တွေ့ဆုံရန် စီစဉ်ထားသည်။ ယမန်နေ့ကလည်း ကယားပြည်နယ် ဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံခဲ့ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။
အစိုးရနှင့် KNPP အနေနှင့် အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူ စာချုပ်ကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ပြည်နယ် အဆင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ပြည်ထောင်စု အဆင့်ကို ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို မေလ ၃ရက်နေ့တွင်
အစိုးရက အသစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။
KNPP သည် ၁၉၉၅ ခုနှစ်က ယခင် စစ်အစိုးရ လက်ထက်တွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၃ လခန့် အကြာ အစိုးရ တပ်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။