မြန်မာနိုင်ငံ အနောက်ဘက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်နေသော ရခိုင်လူမျိုးများအတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်များက လုံခြုံရေး ယူပေးထားကြောင်း စုံစမ်းသိရှိရသည်။
အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် မြန်မာအစိုးရက အရေးပေါ် အခြေနေထုတ်ပြန်ထားရသည့် ရခိုင်ပြည်နယ် မောင်တော မြို့နှင့် ထိစပ်လျှက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇား ခရိုင် တက္ကနာ မြို့ထဲမှ ရခိုင်ကျေးရွာများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ယခုလ ၈ ရက်နေ့မှ စတင်ကာ လုံခြုံရေးယူပေးထားကြောင်း ယင်းဒေသတွင် နေထိုင်သော မြန်မာ နိုင်ငံသားများက ဆိုသည်။
“မောင်တောဘက်မှာ ဖြစ်တဲ့နေ့ ကတည်းကစပြီး ဒီဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ် တစ်လျှောက် တက္ကနာ မြို့နယ် အတွင်းမှာ ရှိတဲ့ ရခိုင်ရွာတွေကို BGB တပ်တွေချထားပြီး လုံခြုံရေးယူထားတယ်။ အဲဒီရခိုင်ရွာက လူငယ်တွေကလည်း အလှည့်ကျ အနေနဲ့ ကင်းစောင့် နေကြတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် နေထိုင်သူ သတင်းထောက် တဦးက ဧရာဝတီသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး အဓိက ယူပေးထားရသည့် ရခိုင်ရွာများဖြစ်သော တက္ကနာ၊ မြစ်နားရွာ၊ ခြံခြောင်းရွာများ အပါအဝင် ရခိုင်ရွာ ၁၀ ရွာထက်မကရှိနေပြီး လူဦးရေ အနည်းဆုံး ၂၀၀၀ ကျော်နေထိုင်ကြောင်း သိရသည်။ အများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မှတ်ပုံတင် ရှိသူများဖြစ်သည်။
ထိုရွာများတွင် ယခင်က ဘာသာရေး၊ လူမျိုးရေးကြောင့် သတ်ဖြတ်မှု တချို့ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက် မောင်တော မြို့နယ်တွင် အဓိကရုဏ်းများ ဖြစ်နေချိန် ၎င်းတို့ထံ ကူးစက်လာမည်ကို စိုးရိမ်နေကြသော်လည်း ယနေ့ထိ ဘေးကင်းစွာ နေနိုင်ဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မြန်မာနိုင်ငံသားများကပြောသည်။
“ဒီဘက်ကိုတော့ ကူးစက်မလာဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ကူးစက်မလာအောင် လုံခြုံရေး လုပ်ပေးထားတဲ့ သဘောပေါ့လေ။ ဒီဘက်မှာတော့ အခြေအနေ အေးအေးဆေးဆေးပါ” ဟု ကော့ဘာဇားမြို့တွင် နေထိုင်သည့် မြန်မာတဦးက ဆိုသည်။
ယခုလ ၈ ရက်နေ့က ရခိုင်ပြည်နယ် မောင်တော မြို့ပေါ်တွင် ဘင်္ဂါလီတို့က ဒေသခံ ရခိုင်နှင့် တခြား တိုင်းရင်းသားတို့ နေထိုင်သော အိမ်နှင့် အဆောက်အဦးများကို ဖျက်ဆီးခဲ့ပြီး သတ်ဖြတ်မှုတချို့ ရှိခဲ့သည်။ ထိုအခြေအနေများ ကူးစက်မှုမဖြစ် စေရန် ယင်းနေ့ ညနေပိုင်းတွင်ပင် ဘင်္ဂလားဒေ့ရှ် အစိုးရက နယ်စပ်ရှိ ဘာသာရေးအဖွဲ့ခေါင်းဆောင်များနှင့် ညှိနှိုင်းကာ ရခိုင်ကျေးရွာများ အနီး လုံခြုံရေး ချထားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘက်တွင် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ပြီးနောက် ယနေ့မနက်ပိုင်း တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ် အာဏာပိုင်များက တက္ကနာရှိ နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ကို ယာယီ ပိတ်ထားလိုက်ပြီဖြစ်သည်။
ထို့အတူ နယ်စပ်တလျှောက် တက္ကနာမြို့နယ်၊ လေးဒန်းကျေးရွာ၊ ဦးကီယာမြို့နယ် ကူတူပါလန် တို့တွင်ရှိသော တရားမဝင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ၊ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်အောက်ရှိ တက္ကနာမြို့နယ် နော်ယာပါရာနှင့် ဦးကီယာ မြို့နယ်၊ ကူတူပါလန် ဒုက္ခသည် စခန်းများကို ဘင်္ဂလားဒေ့ရှ် ရဲများက လုံခြုံရေး တိုးမြှင့် ချထားလိုက်ကြောင်း သိရသည်။
“လောလောဆယ်တော့ အန္တရာယ်ပေးမယ့် အနေအထားတွေ မရှိဘူး။ ဒါပေမယ့် လူတွေကတော့ ကြောက်နေကြတာပေါ့နော်။ UNHCR ကတော့ အရေးပေါ် တခုခုဖြစ်ရင် ဆက်သွယ်ဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင် ဖုန်းနံပတ်တွေ လိုက်ဝေထားတယ်” ဟု ကော့ဘာဇားမြို့ပေါ်တွင် နေထိုင်သူက ပြောသည်။
မြန်မာနိုင်ငံဘက်ခြမ်း မောင်တောမြို့နှင့် နတ်မြစ် တစ်လျှောက်တွင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွက်ကဲမှုဌာန (နစက) တပ်ဖွဲ့ဝင်များနှင့် လုံထိန်းအဖွဲ့များက လုံခြုံရေးယူထားသည်ကို တွေ့မြင်ရကြောင်းနှင့် ယနေ့မနက်ပိုင်းတွင် မြို့ပေါ်ရှိ ဗိုလ်မှူးကျေးရွာတွင် မီးရှို့မှု ထပ်ဆင့်ဖြစ်ပွားခဲ့သေးကြောင်း မောင်းတော ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဇွန်လ ၈ ရက်နေ့က မောင်တောမြို့နယ်အတွင်း အဓိကရုဏ်းများကြောင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း စစ်တွေနှင့် တခြားမြို့များအထိပါ ပြန့်နှံ့ခဲ့ရာ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ယမန်နေ့တွင် ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အဆင့် ကြေညာချက်ကို နိုင်ငံတော်သမ္မတက ထုတ်ပြန်လိုက်သည်။