မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိ-မိုးမိတောင်မှ တနိုင်တပိုင် ရွှေတူးလုပ်သား ၂၀၀၀ ကျော်သည် တောင်းဆိုမှုများကို ကုမ္ပဏီက မလိုက်လျောသဖြင့် ရွှေတောမှ နေပြည်တော်သို့ ယနေ့နံနက် ၁၀ နာရီမှ စတင်၍ လမ်းလျှောက်ချီတက် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။
မိုးထိ-မိုးမိတောင် ရွှေသတ္တုတူးဖော်ရေးကို နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိထားသည့်
အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီသို့ ရွှေတူးလုပ်သားများက လုပ်ငန်း ပြန်လည်လုပ်ပိုင်ခွင့် ရရှိရန်အတွက် အချက် ၆ ချက်ကို ဇွန်လ ၁ ရက်နေ့မှစ၍ ဆန္ဒပြတောင်းဆိုရာတွင် ဇွန်လ ၇ ရက်နေ့အထိ တစုံတရာ အဖြေပေးခြင်း မရှိသည့်အတွက် နေပြည်တော်ရှိ အမျိုးသားကြီပွားတိုးတက်ရေး ကုမ္ပဏီရှိရာသို့ လမ်းလျှောက်ချီတက် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။
“မနက် ၁၀ နာရီကနေ မိုးထိ-မိုးမိဒေသဘက်ကို သွားနေတာ။ တောင်ပေါ်လမ်းတလျှာက်တော့ လူအင်အား ၂၀၀၀ ကျော်လောက်ပါတယ်။ နေပြည်တော်ဘက်အထိ ချီတက်ဖို့ ဆုံးဖြတ်ပြီးပါပြီ” ဟု ချီတက်ဆန္ဒပြသည့်အဖွဲ့တွင် ပါဝင်သူတဦးက ပြောသည်။
လမ်းလျှောက် ချီတက်ဆန္ဒပြသည့် လူ ၂၀၀၀ ကျော်တွင် ဆရာတော် ၁၁ ပါးက ရှေ့ဆုံးမှ ဦးဆောင် ချီတက်လာကြောင်း၊ မိုးထိ-မိုးမိဒေသတောင်ပေါ်တွင် သီတင်းသုံးနေသော ဆရာတော်များ ဖြစ်ပြီး ကျောင်းထိုင်ဆရာတော် ဦးစန္ဒောဘာသ ဦးဆောင်ကြောင်း သိရသည်။
“ဘုန်းကြီးတို့လည်း အလုပ်သမား ဒကာတွေရဲ့ ဒုက္ခဆင်းရဲရောက်နေတာကို မကြည့်ရက်နိုင်လို့ ဒီလိုပါဝင်ခဲ့တာပါ။ ဘုန်းကြီးက မိုးထိ-မိုးမိဒေသရဲ့ ကျောင်းထိုင်ဘုန်းကြီးပါ” ဟု ဆရာတော် ဦးစန္ဒောဘာသာက ဧရာဝတီသို့ မိန့်ကြားသည်။
ဇွန်လ ၁ ရက်နေ့တွင် ရမည်းသင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်မှ အလုပ်သမား ၅ သောင်းကျော်တို့သည် ၎င်းတို့ လုပ်ငန်းများ ပြန်လည်လုပ်ပိုင်ခွင့် ရရှိရေးအတွက် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီကို စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
“ဇုန် ၁၂ က အင်းလုပ်သားတွေ ဆနပြဖို့အတွက် ခြေကျင်လျှောက်သွားကြတယ်။ ကားနဲ့သွားဖို့ စီစဉ်ပေမယ့် ဂိတ် ၂ က ကားတက်ခွင့် မပြုလို့ ခြေကျင်သွားကြတာ။ မိုးတွေတအား ရွာနေတာကြောင့် လူ ၂၀၀၀ ကျော်လောက်ပဲ သွားနိုင်ကြတယ်” ဟု ၎င်းဒေသတွင် ဈေးရောင်းနေသူတဦးက ပြောသည်။
လမ်းလျှောက်ချီတက် ဆန္ဒပြနေသည့် အချိန်တွင် မိုးများရွာသွန်းနေခြင်း၊ တောင်အောက် ဆင်းရန် ကားစီစဉ်ရာတွင် လမ်းရှိ ကုမ္ပဏီပိုင် ဂိတ်များမှ ကားများကို တောင်ပေါ်တက်ခွင့် မပေးခြင်းတို့ကြောင့် လူအင်အား နည်းနေရခြင်းဖြစ်သည်ဟု ယင်းဆန္ဒပြပွဲတွင် ပါဝင်သူတဦးကလည်း ပြောဆိုသည်။
မိုးထိ-မိုးမိဒေသနှင့် ရမည်းသင်းမြို့သည် မိုင်ပေါင်း ၃၀ ကျော်ခန့် ဝေးသည်။ ဆန္ဒပြသူများသည် ယနေ့ညနေတွင် ရမည်းသင်းမြို့နယ်နှင့် ၇ မိုင်ခန့်ဝေးသည့် ရွှေမြင်တင်ဘုရားတွင် ညအိပ်နားခိုကြမည် ဖြစ်သည်။
နောက်တနေ့ နံနက်တွင် နေပြည်တော်သို့ လမ်းလျှောက်မည်ဖြစ်ပြီး အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ရုံးချုပ်ရှေ့သို့ သွားရောက် ဆန္ဒပြကြမည်ဟု သိရသည်။
ရမည်းသင်းမြို့မှ နေပြည်တော်သို့ မိုင် ၁၀၀ ကျော်ဝေးပြီး ထိုနေရာသို့ လမ်းလျှောက်သွားလျှင် မနားမနေ ၅ ညအိပ် သွားရမည်ဟု အလုပ်သမားတဦးက ပြောသည်။
ယင်းသို့ လမ်းလျှောက်ချီတက် ဆန္ဒပြသည့်အချိန်တွင် အစိုးရဘက်မှ လက်ရှိအနေထားထိ တစုံတရာ ဟန့်တားနှောင့်ယှက်ခြင်း မရှိသေးကြောင်း၊ ထို့အပြင် မန္တလေးမြို့ပေါ်ရှိ လူမှုကူညီရေး အဖွဲ့များကိုလည်း ရွှေလုပ်သားများက စားရေးသောက်ရေး အကူညီတောင်းထားကြောင်း သိရသည်။
“အခုချိန်ထိတော့ လူမှုကူညီရေးတွေဘက်က တစုံတရာ လာကူညီတာတော့ မရှိသေးဘူး။ အကူညီတော့ တောင်းထားတယ်။ လမ်းတလျှောက်မှာ မိုးထိမိုးမိဒေသကို ဈေးလာရောင်းနေတဲ့ ဈေးသည်တွေက ထမင်းတွေကျွေးကြ၊ ခေါက်ဆွဲကြော်နဲ့ ကြာဇံကြော်တွေ ကျွေးတာတွေတော့ ရှိပါတယ်။ လမ်းတလျှောက် စားဝတ်နေရေးကတော့ အခြေနေပေါ် မူတည်ပြီး လုပ်ရမှာပါ” ဟု ယင်းဆန္ဒပြပွဲတွင် လိုက်လံကူညီနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီရေး အကျိုးဆောင် ကွန်ယက်မှ ကိုသောင်းထိုက်က ပြောသည်။
ဆန္ဒပြသူများသည် လက်ရှိတွင် လူ ၂၀၀၀ ကျော်ဟု ဆိုသော်လည်း လမ်းတလျှောက်ရှိ ဒေသခံများနှင့် ပူးပေါင်းနိုင်ဖွယ်ရှိကြောင်း၊ ထို့အပြင် တောင်ပေါ်မှ ထပ်ပြီးဆင်းလာမည့်သူများလည်း ရှိနေကြောင်း ကိုသောင်းထိုက်က ဆက်ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
နေရာပျောက်နေတဲ့ ရတနာ မုဆိုးများ
ရွှေတူးဖော်ရေး လုပ်သားများ ဆန္ဒပြ