မြန်မာ့ ဆန်စပါးကဏ္ဍတွင် ဗီယက်နမ်နိုင်ငံမှ ဗီနာ (Vina) ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ဒေါ်လာသန်း ၁၀၀ လာရောက် ရင်းနှီးမြှုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
“အကြမ်းဖျဉ်း MOUကတော့ ထိုးပြီးသွားပြီ။ ဒီလထဲမှာ အပြီးသတ်ထိုးဖို့ရှိတယ်။ ပြီးရင် မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ မှတ်ပုံတင်ပြီး ဆောင်ရွက်မှာပါ။ လက်ရှိမှာ ဗီယက်နမ်က ဆန်ထွက်နှုန်း ကောင်းတယ်။ ဆန်အရည်အသွေးလည်း ကောင်းတယ် ဆိုတော့ သူတို့ဆီက မျိုးစေ့တွေနဲ့ နည်းပညာတွေ အသုံးပြုသွားမှာပါ။ ဘယ်နှဧက ရင်းမြှုပ်နှံမယ် ဆိုတာတော့ မသိသေးဘူး။ လယ်သမားတွေ ပိုင်ဆိုင်တဲ့ လယ်မြေတွေမှာပဲ အကျိုးတူ လယ်ယာစနစ် အသုံးပြုသွားမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ ဦးစိုးထွန်းက ပြောသည်။
အဆိုပါကုမ္ပဏီနှင့် လက်မှတ်ရေးထိုးမှုအား ပထမအကြိမ်အဖြစ် ယခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့ပြီး ပြည်ပသို့ ဆန်စပါးတင်ပို့ ရောင်းချနေသော ဈေးကွက်အား ဗီယက်နမ်က ရှာဖွေမည် ဖြစ်ကြောင်း၊ ပထမအကြိမ် ရေးထိုးရာတွင် အကျိုးအမြတ်ကို ဗီယက်နမ်နိုင်ငံမှ ၇၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံမှ ၃၀ ရာခိုင်နှုန်း ရှယ်ယာခွဲမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း ယခုပြုလုပ်မည့် အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံမှ ၄၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း ရှယ်ယာ ခွဲဝေမည်ဖြစ်ကြောင်း သိရသည်။
“အဓိက လာရောက်ရင်းနှီး မြှုပ်နှံမှုတွေက ဧရာဝတီတိုင်းဒေသကြီးမှာ အကျိုးတူ လယ်ယာစနစ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါပေမယ့်လည်း လက်ဝါးကြီးအုပ် အကျိုးအမြတ်ယူတာတွေတော့ မဖြစ်စေချင်ဘူး။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်တာ လယ်သမားတွေဘ၀ မြင့်တက်လာနိုင်တေယ်” ဟု ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားကြီး ဦးသာရင်က ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံဖြိုးရေး အတိုင်ပင်ခံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးတင်ထွဋ်ဦးက “အခုဆိုရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေက စိုက်ပျိုးရေးကဏ္ဍမှာ အများကြီးလာဖို့တာစူနေကြတယ်။ ဗီယက်နမ်အပြင် ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ တို့ကလည်း ရင်းနှီးမြှုပ်နှံချင်နေတယ်။ လယ်ယာ ကဏ္ဍမှာပိုင်းမှာ၊ မျိုးထုတ်လုပ်တဲ့ နည်းပညာပိုင်းမှာ ထိပ်ဆုံးကပြေးနေတဲ့ အမေရိကန် ကုမ္ပဏီတွေ ဝင်လာရင် နိုင်ငံအတွက် အလားအလာကောင်းတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက လယ်ယာကဏ္ဍတွင် အကြမ်းဖျဉ်းအားဖြင့် အပိုင်းသုံးမျိုး ရှိကြောင်း၊ မျိုး မြေသြဇာ၊ သွင်းကုန်အစားထိုး ပစ္စည်း၊ on farm ဟုခေါ်သည့် လယ်မြေထဲတွင် စိုက်ပျိုးမွေးမြူမှု၊ ထွက်လာသည့် စိုက်ပျိုးရေး ကုန်စည်တွေကို Processing လုပ်ခြင်း စသည့် သုံးမျိုးတွင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်လာနိုင်သည်ဟု ဆိုသည်။
ယခုနှစ် မတ်လကုန်ပိုင်းက သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဗီယက်နမ် သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် အပါအဝင် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်းနှင့် သစ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း စသည်တို့ကို ဆွေးနွေးခဲ့သည်။
မြန်မာနှင့် ဗီယက်နမ်တို့သည် စီးပွားရေး၊ စိုက်ပျိုးရေးနှင့် ဆေးဝါးဆိုင်ရာ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၃၉၀ အထိ အကုန်အကျခံ အကောင်အထည်ဖော်ရန် သဘောတူစာချုပ်ကို ယမန်နှစ် ဒီဇင်ဘာလက ချုပ်ဆိုခဲ့သည်။ ဒေါ်လာ သန်း ၃၀၀ ခန့်ကို ရန်ကုန်ရှိ စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဈေးဝယ်ကုန်တိုက်၊ ဟိုတယ်နှင့် အဆင့်မြင့် လူနေ တိုက်ခန်း ဆောက်လုပ်ရေး စီမံကိန်းများပါဝင်မည်ဟု သိရသည်။