ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပေါ်နေသည့် ပဋိပက္ခများ တခြားဒေသများသို့ မပြန့်နှန့်စေရန် ကာကွယ်တားဆီး ရမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD) က ပြောဆိုလိုက်သည်။
ယမန်နေ့ ညနေက ရန်ကုန် ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သက်၍ သတင်းစာ ရှင်လင်းပွဲတရပ် ပြုလုပ်စဉ် ယင်းပါတီခေါင်းဆောင် ဦးအေးသာအောင်က အထက်ပါအတိုင်း ပြောခဲ့သည်။
“အခု အဖြစ်ဆိုးကြီး ဖြစ်ခဲ့ပြီးပြီ၊ ဖြစ်သွားပြီ၊ နောက်နောင် ဒီလိုအဖြစ်ဆိုးတွေ မဖြစ်ဖို့ ပြောလို့မရဘူး။ အခုဖြစ်ပေါ်နေတဲ့ အဖြစ်ဆိုးတွေကို ချက်ချင်းလက်ငင်း ရပ်တန့်စေဖို့ အရေးကြီးပါတယ်။ ဒီလိုအဖြစ်ဆိုးတွေ တခြားမြို့တွေ၊ ဒေသတွေကို ဆက်လက်ပြီး လောင်ကျွမ်းမသွားအောင် ကြိုတင်ကာကွယ် တားဆီးပေးဖို့ လုပ်ရမယ်” ဟု သူက ဆိုသည်။
ဤအဖြစ်ဆိုးများအား သင်ခန်းစာယူ၍ နောက်နောင် မဖြစ်စေရန် ကြိုတင်ကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသ ဝင်ပေါက်များအား ယခုကဲ့သို့ သာမန်ကာကွယ်ရုံဖြင့် မလုံလောက်ဘဲ ယခုထက် လုံခြုံရေး အစီအမံ၊ အကာအကွယ် အတားအဆီးများ လုပ်ရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း ကျောသားရင်သား မခွဲခြား၊ ငွေမျက်နှာ၊ အာဏာမျက်နှာကို မလိုက်ဘဲ နိုင်ငံသား ဥပဒေကို တိတိကျကျ ကျင့်သုံးရန် လိုကြောင်း ဦးအေးသာအောင်က ရှင်းလင်း ပြောကြားသည်။
“ဒါတွေဟာ ပြည်ထောင်စုအရေး အမျိုးသားအရေး ဖြစ်တဲ့အတွက် နိုင်ငံတော်မှာ အဓိက တာဝန်ရှိတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ကိုယ်စား ကိုကိုကြီးကလည်း နယ်စပ်ဒေသ တရားမဝင် ဝင်ရောက်လာသူများကြောင့် စတင် ဖြစ်လာသည့် ပဋိပက္ခသည် အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ပဋိပက္ခ မဟုတ်ကြောင်းကို ပြတ်ပြတ်သားသား ခွဲခြားနားလည်ရန် လိုအပ်ကြောင်း ပြောသည်။
“ဒီကိစ္စကို အခြေပြုပြီးတော့ ဘာသာရေးပုံစံ ကူးစက်တာမျိုးကို ကျနော်တို့ ဝိုင်းဝန်းတားဆီးရမယ်။ ကျနော်တို့မှာ မိရိုးဖလာ နေထိုင်တဲ့ လူများကို နိုင်ငံသားအဖြစ် စိစစ်ပြီးတော့ လက်ခံတာ ရှိပါတယ်။ အနိမ့်ဆုံး တိုင်းရင်းသား ဘာသာစကား တခုခု တက်ကျွမ်း ရပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခြေခံ ဗဟုသုတ သိကျွမ်းနားလည်အောင် ကြိုးစားရ ပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုယ် နိုင်ငံသားအဖြစ် ဒီမြေဒီရေအပေါ်မှာ သစ္စာစောင့်သိမယ်၊ ဒီရေဒီမြေ အပေါ်မှာ အရိုးထုတ်မယ်ဆိုတဲ့ ပိုင်းဖြတ်မှုမျိုးတော့ ရှိရပါလိမ့်မယ်” ဟု ကိုကိုကြီးက ဆိုသည်။
ဆက်လက်၍ ၎င်းက နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေများ၊ တည်ဆဲဥပဒေများကို အခိုင်အမာဖြစ်စေရေး ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း၊ လူဝင်မှုဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ရန်လည်း လိုကြောင်း၊ နိုင်င်ငံသားဥပဒေနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူရမည်မှာ မဖြစ်မနေ လုပ်ရမည့်ကိစ္စဖြစ်ကြောင်း ပြောသည်။။
“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ ရခိုင် တိုင်းရင်းသားတွေ ကာကွယ် စောင့်ရှောက်နေတဲ့ အနောက်တံခါးကြီးကျိုးပြီ။ ကျနော်တို့ လူမျိုးတွေက ကိုယ့်အရပ်ကိုယ့်ဒေသ စွဲလမ်းတဲ့ လူမျိုးတွေဖြစ်တဲ့အတွက် အဲဒီဒေသကို စွန့်လွတ်ဖို့ မစွမ်းဆောင် နိုင်ပါဘူး။ မျိုးချစ်စိတ်ဓာတ် ရှိတယ်၊ လူမျိုးကို ချစ်တယ်။ကျနော်တို့ တိုင်ရင်းသားတွေ မနေတော့ဘူးဆိုရင် ဒီမြေကြီးက ဘာထူးတော့မှာလဲ။ ရခိုင်ပြည်မှာဖြစ်တဲ့ အခြေအနေသည် ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အခြေအနေတခု ဖြစ်တယ်လို့ သုံးသပ်ပါတယ်” ဟု ရခိုင်သားကြီး စာပေမှ ဦးဦးလှမြင့်က ဆိုသည်။
၁၉၄၂ ခုနှစ်က နတ်မြစ် အရှေ့ဘက်ကမ်းတွင် ရခိုင်တိုင်းရင်းသားများ နေထိုင်လာခဲ့သည်မှာ ၁၉၂ ရွာရှိခဲ့ပြီးမှ ခေတ်အဆက်ဆက် ပြဿနာများကြောင့် ရွာပေါင်း ၆၀ ခန့်သာ ပြန်လည်တည်ဆောက် နေထိုင်ခဲ့ရကြောင်း၊ ယခု လက်ရှိတွင် ဘင်္ဂါလီလူမျိုးများက ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် ဒေသခံ တိုင်းရင်းသားရွာ ၂၀ ခန့်သာ ကျန်တော့ကြောင်း၊ မောင်တောနှင့် နယ်စပ်ဒေသ စပ်ဆက်မှုက ၁၂၅ မိုင် ရှိပြီး ရှည်လျှားသည့် ဒေသတွင် ကာကွယ်စောင့်ရှောက်မှု အားနည်းနေကြောင်း၊ ယခု ပဋိပက္ခ အခြေအနေတွင် အိမ်ခြေ ၁၀ လုံးခန့်သာ ကျန်ရှိ၍ လုံခြုံမှု မပေးနိုင်သော ရွာတချို့ ဖျက်ဆီး ခံနေရကြောင်း၊ ရွာငယ်များသည် စိတ်ဓာတ်လုံခြုံမှု မရှိနိုင်ဘဲ သွေးလန့်နေရကြောင်း ဦးဦးလှမြင့်က ပြောသည်။