အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၏ အမိန့်ဖြင့် လုပ်ငန်းတူ စက်ရုံများရှိ အလုပ်သမားများ၏ အခြေခံ လုပ်ခလစာကို အချိန်ပိုကြေးမပါဘဲ အနိမ့်ဆုံး တလလျှင် ၅၆၇၀၀ ကျပ်အဖြစ် နိုင်ငံတကာ စံနှုန်းနှင့်အညီ တပြေးညီ ခံစားခွင့်ရှိရန် ယနေ့ ကြေညာလိုက်ကြောင်း သိရသည်။
ယနေ့နေ့လယ် ၁ နာရီက ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ စီမံခန့်ခွဲရေးရုံးတွင် ကျင်းပသည့် အဖွဲ့အစည်း ဥပဒေနှင့် စပ်လျဉ်းသည့် အသိအမြင် တိုးမြှင့်ရေး ဆွေးနွေးပွဲတွင် ဒု ဝန်ကြီး၏ အထက်ပါ ကြေညာချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဦးဆောင်၍ အလုပ်ရှင် အလုပ်သမားနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ တရားဝင်မှတ်ပုံတင် ဖွဲ့စည်းခြင်း၊ သပိတ်မှောက်ခြင်း၊ အငြင်းပွားခြင်း၊ တိုင်ကြားခြင်း၊ စုပေါင်းတောင်းဆိုမှု သဘောတူညီချက်များ ထားခြင်း စသည့် အချက်များကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုဝန်ကြီးက အလုပ်သမားများ၏ အခြေခံ လုပ်ခလစာကို နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်း တပြေးညီသတ်မှတ် ရာတွင် အလုပ်ရှင်များက သဘောတူညီရန်နှင့် အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများက လုပ်ငန်းရှင်များကို လုပ်ငန်း အမျိုးအစားအလိုက် ညှိနှိုင်းဆောင်ရွက် ပေးရန်တို့ကို စက်မှုဇုန် ၁ စီမံခန့်ခွဲရေးရုံး ဥက္ကဋ္ဌ ဦးမြတ်လင်းတင့်က ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတွင်းရှိ စက်မှုဇုန်များ လက်အောက်ရှိ စက်ရုံများအားလုံး လိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။
“အလုပ်ရှင်တွေက ကိုယ့်စက်ရုံရဲ့ အခြေအနေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်ဆိုရင် အားလုံးအဆင်ပြေ နိုင်မှာပါ” ဟု
အလုပ်သမားဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းစိန်က ပြောသည်။
အလုပ်သမားဥပဒေ ၁၄ ချက်တွင်ပါဝင်သည့် အချက်တချို့ကို ပြောင်းလဲရန်လည်း ဝန်ကြီးက ဆွေးနွေးထားပြီး အလုပ်သမားများ ပင်စင်ရရှိရေး၊ ကိုယ်ပိုင်အိမ်ယာ ရရှိရေး တို့ကိုလည်း ဥပဒေများ ပြဌာန်းနိုင်ရန် လွှတ်တော်တွင် တင်ပြဆောင်ရွက် သွားမည်ဟု သိရသည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က “အလုပ်အကိုင်နဲ့ ကျွမ်းကျင်ဖံွ့ဖြိုးမှု ဥပဒေသစ်ကို အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ရေးထိုးဖို့ လုပ်ထားတာရှိတယ်” ဟု ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
အလုပ်သမားများအနေဖြင့် အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းထားရန် လိုအပ်ပြီး သက်ဆိုင်ရာ အလုပ်ရှင်နှင့် သပိတ်မှောက်ခြင်း မပြုမီ ၃ ရက် ကြိုတင်ညှိနှိုင်းရန်၊ ညှိနှိုင်း၍ အဆင်မပြေမှသာ သပိတ်မှောက်ကြရန် အလုပ်သမားနှင့် အလုပ်ရှင်တို့ နှစ်ဘက် ကိုယ်စားလှယ်ထားကာ ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းစည်းကမ်းချက်များ အတိုင်း မလိုက်နာပါက
သပိတ်မှောက်ခြင်းကို တရားစွဲဆိုနိုင်ကြောင်း သိရသည်။
ယင်းပွဲသို့ တက်ရောက်လာသော အလုပ်သမားကိုယ်စားလှယ် တဦးက “အလုပ်ရှင် အလုပ်သမားနဲ့ ဆိုင်တဲ့ နည်းဥပဒေ တွေကို လေ့လာချင်တာပါ။ အခုဆွေးနွေးချက် တွေထဲမှာ ပါသလို နှစ်ဘက်ညှိနှိုင်းပြီးမှ အကြောင်းကြား သပိတ်မှောက် ရမယ်ဆိုတော့ လုံးဝလက်မခံတဲ့၊ အတွေ့မခံတဲ့ လုပ်ငန်းရှင်နဲ့ဆိုရင် အလုပ်ရှင်ကို ကြိုတင်အကြောင်းကြားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ဘက်ကို အခွင့်အရေးပေးသလို ဖြစ်နေတယ်” ဟု ပြောသည်။
မေလဆန်းမှ စတင်ကာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနှင့် တောင်ဒဂုံမြို့နယ်များရှိ စက်ရုံအများစုတွင် အခြေခံလစာ တိုးမြှင့် သတ်မှတ်ပေးရေး ခွင့်ရက် နစ်နာကြေး၊ ကားခ၊ လုပ်ငန်းခွင် ထိခိုက်မှုလျော်ကြေး တောင်းဆိုမှု စသည့် အချက်အလက်များအား အခြေခံကာ ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသို့ အလုပ်သများ စီမံခန့်ခွဲရေးရုံး ဥကဋ္ဌ ဦးမြတ်လင်းတင့်၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ဦး၊ ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ဆက်ဆံရေးရုံး ဦးစီးမှူး ဦၤးသောင်းစိန်၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နှင့် စက်ရုံများမှ အလုပ်ရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ မီဒီယာများ တက်ရောက်သည်။