အစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် စိုးရိမ်ရဆဲ အနေအထား ရှိနေပြီး အဓိကရုဏ်းများ တားဆီးနိုင်ရန် လုံခြုံရေးအင်အား မလုံလောက်ဟု မြို့ခံများနှင့် ယင်းဒေသတွင် ရောက်ရှိနေသော သတင်းထောက်များက ပြောသည်။
စစ်တပ်၊ လုံထိန်းနှင့် ရဲအင်အား ၇၀၀ ကျော် အသုံးပြု ချထားသော စစ်တွေမြို့ပေါ် နေရာတချို့တွင် ရခိုင်နှင့် ဘင်္ဂါလီတို့၏ နေအိမ်များ မီးလောင်ခဲ့ကာ စစ်တွေမြို့ပေါ်တွင် မီးခိုးများ နေရာအနှံ့မြင်နေရကြောင်း၊ မြို့ခံများ၏ အသက်နှင့် အိုးအိမ် လုံခြုံရေးအတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထား ပေးစေလိုကြောင်း ပြောဆိုနေကြသည်။
“လုံခြုံရေး တပ်တွေက အရေးကြီး အချက်အချာ ကျတဲ့နေရာတွေမှာပဲ ချထားတော့ ရပ်ကွက်တွေထဲမှာ ရှိနေတဲ့ ရခိုင်တွေက သူတို့ကို အန္တရယ်မပြုနိုင်အောင်၊ သူတို့အိမ်တွေ မီးရှို့မခံရအောင် သူတို့ရပ်ကွက်ထဲမှာ လုံခြုံရေးတွေ ရှိနေစေချင်ကြတယ်” ဟု စစ်တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ဧရာဝတီသို့ ပြောသည်။
သမ္မတက အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီးနောက် ဘင်္ဂါလီများဘက်က တိုက်ခိုက်သဖြင့် ရခိုင် ၁၂ ဦး သေဆုံးပြီး အဓိကရုဏ်း ဖြစ်ပွားစဉ် ရခိုင်များက ပြန်လည်ခုခံရာ ဘင်္ဂါလီ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့လည်း ရှိကြောင်း စစ်တွေ မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ရရှိသော စာရင်းများကို ကိုးကား၍ သူက ဆက်ပြောသည်။
ယနေ့တွင် စစ်တွေမြို့နယ် ကျောင်းကြီး၊ နာဇီနှင့် ဓညဝတီရပ်ကွက်များနှင့် မြို့ပေါ်ရှိ နေရာတချို့တွင် ဘင်္ဂါလီများက ၎င်းတို့အိမ်များ အပါအဝင် ရခိုင်နှင့် တခြားတိုင်းရင်းသားများ နေထိုင်သော အိမ်များကို ဆက်တိုက် မီးရှို့မှုများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့များ သွာရောက်ထိမ်းသိမ်းနေရကြောင်း စစ်တွေမြို့ပေါ်ရောက်ရှိနေသော သတင်းထောက်များထံမှ သိရသည်။
“ဘင်္ဂါလီတွေက အသက် ၁၀ နှစ် ဝန်းကျင်လောက်ရှိတဲ့ ကလေးတွေကို ခိုင်းတာ တွေ့နေရတယ်။ သူတို့အိမ်တွေကိုလည်း မီးရှို့တယ်။ ရခိုင်အိမ်တွေကိုလည်း မီးရှို့တယ်။ နောက် သူတို့က လူစုလူဝေး လုပ်နေတာ အင်အား ၂၀၀၀ ကျော်လောက် ရှိတယ်။ ရခိုင်တွေကတော့ ဘုန်းကြီးကျောင်းတွေမှာ သွားနေကြတယ်။ ကျနော်တို့ ရုပ်သံ မှတ်တမ်းတွေ ယူထားတယ်” ဟု စစ်တွေမြို့ပေါ်တွင် သတင်းယူရန် ရောက်နေသော သတင်းထောက်တဦးက ပြောသည်။
ကျောင်းကြီးရပ်ကွက်တွင် နေထိုင်သူ တဦးကလည်း “ဘင်္ဂါလီတွေက သူတို့အိမ်တွေကို သူတို့ မီးရှို့တော့ ကျနော်တို့ကလည်း ကိုယ်အိမ်တွေ မကူးအောင် ပြန်ငြှိမ်းနေရတယ်၊ ကျနော်တို့မှာ လုံခြုံမှု မရှိဘူး။ သူတို့တွေက ဘယ်အချိန်ဝင်ပြီး အန္တရာယ် လာပေးမလဲ တချိန်လုံး စောင့်ကြည့်နေရတယ်။ ဖြစ်လိုက်ပြီဆို ကျနော်တို့ ရခိုင်တွေက ထွက်ပြေးရတယ်” ဟု ဆိုသည်။
နေအိမ်များ မီးရှို့ခံရမှုကြောင့် အိုးအိမ်မဲ့ဖြစ်သွားသော ရခိုင်နှင့် တခြားတိုင်းရင်းသား ၈၅၀၀ ကျော်ကို စစ်တွေမြို့ပေါ်ရှိ ကယ် ဆယ်ရေး စခန်း ၃၄ ခုတွင် ခိုလှုံခွင့်ပေးထားပြီး မြို့ခံ စေတနာရှင်များနှင့် အစိုးရအဖွဲ့များက စားဝတ်နေရေး အကူအညီများ ပေးထားကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။
ထို့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အခြေအနေများကို စောင့်ကြည့်၍ သတင်းအချက်အလက်များ စုစောင်း နေသည့် အစ္စလမ် ဘာသာဝင်များနှင့် စုဖွဲ့ထားသော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ကလည်း အဓိကရုဏ်းဖြစ်ပွားမှုများ အတွင်း ဘင်္ဂါလီများဘက်မှလည်း အသတ်ဆုံးရှုံးခြင်း၊ အိုးအိမ်များ မီးရှို့ခံရခြင်းနှင့် ထွက်ပြေး ပုန်းရှောင် နေရခြင်းများ ရှိကြောင်း ပြောသည်။
သို့သော် တိကျသော၊ ခန့်မှန်းနိုင်သော စားရင်း ဖော်ပြနိုင်ခြင်း မရှိသေးကြောင်းနှင့် အခြေအနေများကို ဆက်လက် စုဆောင်း သွားမည် ဖြစ်ကြောင်း NDPD ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးကျော်ခင်က ရှင်းပြသည်။
“အခု မြို့ပေါ်မှာ အဲဒီလို ဖြစ်ပြီဆိုတော့ ကျနော်တို့က အမျိုးသမီးတွေကို ဘေးကင်းမယ့် တနေရာရာမှာ သွားထားတာပေါ့နော်။ အခု အဆိုးဆုံးက သူတို့မှာ ရိက္ခာမရှိဘူးဖြစ်နေတယ်။ အပြင်မှာ သွားဝယ်လို့လည်း မရတော့ဘူး။ ဒီလူတွေက မသတ်ဘဲနဲ့ကို ငတ်ပြတ်ပြီး သေသွားနိုင်တယ်။ အခုအားလုံး တောထဲမှာ” ဟု သူကပြောသည်။ ထို့အတူ ဘင်္ဂါလီများကို အစိုးရ လုံခြုံရေး တပ်များက ပစ်ခတ်နှိမ်နှင်းမှု တချို့ ရှိသည်ဟု သူက ဆက်ပြောသည်။
ယမန်နေ့က ရခိုင်ပြည်နယ်နှင့် ထိစပ်လျှက်ရှိသော ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ မြန်မာနိုင်ငံဘက်မှ လှေ ၈ စီးဖြင့် နယ်စပ် နတ်မြစ်ကို ဖြတ်ကူးဝင်ရောက် လာသော ရိုဟင်ဂျာ ၃၀၀ ကျော် ရောက်ရှိလာကြောင်း၊ ထိုအထဲတွင် မိန်းမနှင့် ကလေးဦးရေ များပြားပြီး သေနက်ဒဏ်ရာနှင့် ၃ ဦးပါဝင်ကြောင်း၊ အဆိုပါ ရိုဟင်ဂျာများအား အစားအသောက်များ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ဘက်သို့ ပြန်လွှတ် လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ gulf-times.com အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
စစ်တွေမြို့ပေါ်တွင် ရောက်ရှိနေသော ဧရာဝတီ သတင်းထောက်၏ သတင်းပေးပို့ချက်အရ ယနေ့ ညနေပိုင်းတွင် မြို့ပေါ်ရှိ ဗလီ တခုကို အကာအကွယ်ယူ၍ အစိုးရလုံခြုံရေးတပ်များအား လက်နက်ဖြင့် ချောင်းမြောင်း ပစ်ခတ်မှုရှိကြောင်း သိရသည်။
မြို့ခံများအားမေးမြန်း စုံစမ်းချက်များအရ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ ဗလီတခုကို နောက်ခံယူထားခြင်း ဖြစ်ပြီး ထိုပစ်ခတ်မှုကြောင့် အစိုးရ စစ်တပ်မှ လုံခြုံရေး တပ်သား တဦး၏ ပေါင်ကိုထိမှန် ခဲ့ကာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ စစ်တပ်က တန်ပြန် ပစ်ခတ်မှု မရှိသေးဘဲ သတိဖြင့် စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသော ရခိုင်များကလည်း ၎င်းတို့အနေဖြင့် အချိန်ပြည့် သတိနှင့် နေထိုင်နေကြရ ကြောင်းနှင့် ဘင်္ဂါလီ အများစု နေထိုင်ရာ နေရာများသို့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်တော့ကြောင်း ပြောသည်။
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော အဓိကရုဏ်းများနှင့် ပတ်သက်၍ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တို့၌ ပုဒ်မ (၁၄၄) ညမထွက်ရ (နေဝင်မီးငြိမ်း) အမိန့်ကို ဇွန် ၁၀ ရက်နေ့ ရက်စွဲဖြင့် အစိုးရက ထုတ်ပြန်လိုက်ပြီး နယ်မြေ တည်ငြိမ်ရေး အတွက် အရေးပေါ်အဆင့် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိပြီး တောင်ကုတ်၊ ဂွ နှင့် အမ်းမြို့တို့မှလွဲ၍ ကျန် ၁၄ မြို့နယ်တွင် တဘက်နိုင်ငံမှ ရွှေ့ပြောင်းလာကြသည့် ဘင်္ဂါလီများ နေထိုင်ကြပြီး ဘူးသီးတောင်နှင့် မောင်းတောမြို့များ၏ ၉၀ ကျော်ရာခိုင်နှုန်းမှာ ၎င်းတို့ပင် ဖြစ်ကြောင်း NDPD ပါတီက ပြောသည်။