မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိ မိုးမိတောင်မှ ရွှေတူးလုပ်သား ၂၀၀၀ ကျော်သည် ရွှေတောမှ နေပြည်တော်သို့ ဆန္ဒပြ ချီတက်ရာ ရမည်းသင်းမြို့ ရွှေမြင်တင် ဘုရားဝင်း၌ နားခိုနေစဉ် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်၏ ပိတ်ဆို့တားမြစ် ထားခြင်း ခံနေရကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ဆန္ဒပြသူများရှိရာ ရွှေမြင်တင်ဘုရားသို့ ဆိုင်ကယ်ဖြင့် လာရောက်သူများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည် ဟု မျက်မြင်တဦးက ပြောသည်။
ရွှေလုပ်သားများသည် ၎င်းတို့၏ ပိတ်ပင်ခံထားရသည့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန်အတွက် ဇွန်လ ၁၁ ရက်နေ့မှစတင်၍ ရွှေ တောမှ နေပြည်တော်ရှိ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ရုံးရှေ့သို့ လမ်းလျှောက် ချီတက် ဆန္ဒပြကြခြင်း ဖြစ်သည်။
ဗြုန်းနှင့် အက်တာများ ယခင်အတိုင်း ပြန်လည်လုပ်ကိုင်ခွင့် ရရှိရန်၊ အင်း၊ အယ်တာများ အတွက် နစ်နာကြေး ပေးရန်နှင့် နှစ်ဦးနှစ် ဘက် ညှိနှိုင်းပြီး သဘောတူလက်မှတ် ရေးထိုးရန် စသည့် အချက် ၆ ချက်ပါ တောင်းဆိုချက်များကို ကုမ္ပဏီ ဘက် မှ လိုက်လျောမှုမရှိသဖြင့် ယခုကဲ့သို့ ချီတက်ဆန္ဒပြရာတွင် တားမြစ်ခံရခြင်း ဖြစ်သည်။
ဇွန်လ ၁၁ ရက်နေ့ညပိုင်းနှင့် ယမန်နေ့ နံနက်ပိုင်းကစတင်၍ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်က ရွှေမြင်တင်ဘုရားကို ပိတ်ဆို့ထားလိုက်ပြီး ဘုရားဝင်းအတွင်းရှိ ဆန္ဒပြသူများကို အပြင်ထွက်ခွင့် မပြုသည့်အပြင် ရေနှင့် အစားအသောက်များကို သယ်ယူခွင့်မပေးကြောင်း၊ ပိတ်ဆို့ခံ ဆန္ဒပြသူများတွင် ကလေးငယ်များနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း ချီတက် ဆန္ဒပြရာ၌ ကိုယ်တိုင် ပါဝင်နေသော ကိုအောင်ဌေးကျော် က ပြောပြသည်။
ကိုအောင်ဌေးကျော်သည် မိုးထိ မိုးမိ ဒေသတွင် ရွှေတွင်းတူးသော အင်းနှင့် အက်တာ ပိုင်ဆိုင်သည့် အလုပ်သမားတဦးလည်း ဖြစ် သည်။
အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီသည် မိုးထိ မိုးမိတောင် ရွှေထုတ်လုပ်မှု အသေးစားလုပ်ငန်းမှ နိုင်ငံခြား ရင်းနှီးမြှုပ်မှု ကုမ္ပဏီ နှင့် ပူးပေါင်းပြီး အကြီးစားလုပ်ငန်းသို့ ပြောင်းလဲ လုပ်ကိုင်ရန် စီစဉ်နေသောကြောင့် ကုမ္ပဏီနှင့်အချိုးကျ ခွဲဝေခံစားမှုရရှိခဲ့သည့် အလုပ်သမားများ နစ်နာမှုရှိ၍ ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် အလုပ်သမားများက ပြောပြသည်။
ဇွန်လ ၁၁ ရက်နေ့က သတ္တုတွင်းဝန်ကြီးဌာနနှင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ ရွှေမြင်တင်ဘုရားသို့ လာရောက်ပြီး အလုပ်သမားပြဿနာများကို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိဆန္ဒပြမှုကို ရုပ်သိမ်းရန်ပြောဆိုသွားကြောင်း လည်း ကိုအောင်ဌေးကျော်က ပြောသည်။
သိုသော် ယင်းကိစ္စကို ဧရာဝတီက နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူ တဦးက ငြင်းဆိုခဲ့သည်။
“အဲဒီမှာ ဖြေရှင်းနေတဲ့အထဲမှာ သတ္တုတွင်း ဦးစီးဌာနက တာဝန်ရှိသူတွေ တဦးမှ မပါပါဘူး။ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဘက်ကိုပဲ အကုန်လုံး လွှဲထားတာပါ”ဟု ၎င်းက ပြောသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မိုးထိ မိုးမိ ရွှေလုပ်ငန်းကို သတ္တုတွင်း ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်နေခြင်း ဖြစ်သည်။
ယခုဆန္ဒပြသူများတွင် ဦးဆောင်ပါဝင်သည့် သံဃာတော် ၁၁ ပါးကိုလည်း ရမည်းသင်းမြို့နယ် သံဃ မဟာနာယက အဖွဲ့မှ ခေါ်ယူ စစ်ဆေးပြီး သက်ဆိုင်ရာဒေသသို့ ပြန်လွှတ်လိုက်ကြောင်း သိရသည်။
ရွှေလုပ်သားများသည် ဇွန်လ ၁ ရက်နေ့မှစတင်ပြီး မိုးထိမိုးမိဒေသတွင် ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ ဇွန်လ ၇ ရက်နေ့အထိ ပြေလည်မှုမရရှိသည့်အတွက် နေပြည်တော်သို့ လမ်းလျှောက် ချီတက်ဆန္ဒပြနေကြခြင်း ဖြစ်သည်။
ယင်းလုပ်ငန်းခွင်တွင် အလုပ်သမား၂ သိန်းကျော် ရှိပြီး ၎င်းတို့ကို မှီခိုနေထိုင်သော မိသားစုဝင်များ အပါအဝင် လူဦးရေ ၅ သိန်း နီးပါး စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။