သတင်း

သမ္မတ ဦးသိန်းစိန်နှင့် ကုလ ကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ဆွေးနွေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများကြောင့် အရေးပေါ် အခြေအနေ ကြေညာထားသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယားနှင့် သမ္မတ ဦးသိန်းစိန်တို့  ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

“သူနဲ့ သမ္မတနဲ့ ဆွေးနွေးခဲ့ကြတာက ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အကြမ်းဖက်မှုသံသရာ မလည်စေဖို့ သမ္မတ ဦးသိန်းစိန် ထုတ်ပြန်လိုက်တဲ့ အရေးပေါ် အခြေအနေ ကြေညာတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးတို့ကို လေးစားပြီး အခြေအနေတွေကိုလည်း ပွင့်လင်းမြင်သာအောင် ကိုင်တွယ်လုပ်ဆောင်ဖို့ လိုတာတွေ ဆွေးနွေးခဲ့တာပါ” ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က နယူးယောက်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးလည်းဖြစ်၊ ဒု အတွင်းရေးမှူးချုပ်လည်းဖြစ်သည့် မစ္စတာ နမ်ဘီယားသည် သမ္မတ ဦးသိန်းစိန်အား လာမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့သည်။

မစ္စတာ နမ်ဘီးယားသည် Peace Donor Support Group (PDSG) အဖွဲ့နှင့်အတူရော သီးခြားစီပါ သမ္မတ ဦးသိန်းစိန်နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။

မစ္စတာ နမ်ဘီယားက ငြိမ်ချမ်းရေး အလှူရှင်များအဖွဲ့အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရန်ပုံငွေအတွက် ကနဦး အမေရိကန် ဒေါ်လာ ၅ သန်း ထည့်ဝင်သွားမည်ဖြစ်ပြီး လက်တွေ့ လုပ်ငန်းစဉ်များ စတင်ချိန်တွင် ကုလသမဂ္ဂက ထပ်မံ ထည့်ဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်အား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ အနေဖြင့် PDSG မှ ဦးဆောင် ဆက်သွယ်နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံ၊ ကုလသမဂ္ဂ၊ သြစတြေးလျနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပ သမဂ္ဂတို့မှ ကိုယ်စားလှယ်များကလည်း တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံမှုဆွေးနွေးမှုတွင် လတ်တလော ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ပဋိပက္ခများသည် ရှုပ်ထွေးသော  နောက်ခံ သမိုင်းကြောင်းများအပေါ် အခြေခံနေကြောင်း၊ သံတမန်များ၏ စိုးရိမ်မှုကိုလည်း နားလည်ကြောင်း PDSG ကိုယ်စားလှယ်များကို သမ္မတ ဦးသိန်းစိန်က ရှင်းလင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်း လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် တဖွဲ့ချင်း ထိတွေ့ ဆက်သွယ်ပြီး နားလည်မှုများ ရှိနေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဓိက ငွေကြေး၊ နည်းပညာနှင့် အတွေ့အကြုံကောင်းများဆိုင်ရာ အကူအညီများ လိုအပ်ကြောင်းလည်း ဦးသိန်းစိန်က ပြောဆိုခဲ့သည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ထို့အပြင် ဥရောပ သမဂ္ဂအနေဖြင့် စီးပွားရေး ပိတ်ဆို့မှုများအား နော်ဝေ၊ သြစတြေးလျ စသည်တို့ကဲ့သို့ ဖြေလျှော့ပေးစေလိုကြောင်း ဦးသိန်းစိန်က တိုက်တွန်းခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဗဟိုဌာန (Myanmar Peace Center) ကို ထူထောင်ထားပြီး (PDSG) အဖွဲ့နှင့် ပူးပေါင်းကာ မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအတွက် နော်ဝေ နိုင်ငံအနေဖြင့် အလှူရှင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ဆောင်ရွက်ပေးရန် တာဝန်ယူထားကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးက ကျန်းမာရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၅ သန်း ထည့်ဝင်ပြီးဖြစ်ကြောင်းနှင့် မြေမြှုပ်မိုင်းရှင်းလင်းရေးတွင်လည်း အကူအညီပေးမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် လတ်တလော လိုအပ်သည့် နေရာတွင် အသုံးပြုနိုင်ရန် အမေရိကန်ဒေါ်လာ ၅ သန်းထည့်ဝင်ကြောင်း၊ လာမည့် ၃ နှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၃၀၀ ပေးအပ် ကူညီသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးသိန်းစိန်အား ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဗြိတိန် ဝန်ကြီးချုပ်က ဖိတ်ကြားပါကြောင်းများ ပြောဆိုခဲ့သည်ဟု သိရသည်။

ဥရောပ သမဂ္ဂ၏  ဌာနေကိုယ်စားလှယ်က ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဘက်စုံ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် ဥရောပ သမဂ္ဂက ယူရိုငွေ သန်း ၁၅၀ ထောက်ပံ့မည်ဟု ကြေညာထားကြောင်း၊ ကနဦး ယူရိုငွေ ၃ သန်း သို့မဟုတ် ၄ သန်း လျာထားကြောင်း ပြောဆိုသည်။

ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်က ကြွေးမြီဆပ်ရေး ဆွေးနွေးပြီးလှျှင် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကို နှစ်စဉ် ချေးယူနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေး အလှူရှင်များနှင့် တွေ့ဆုံမှုတွင် သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် အစိုးရဝန်ကြီးများဖြစ်ကြသော ဦးစိုးသိန်း၊ ဦးသိန်းညွန့်၊ ဦးအုန်းမြင့်၊ ဦးဇော်မင်း၊ ဦးသန်းဌေး၊ ဦးခင်ရီ၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များ၊ အရာရှိများ ပါဝင်ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading