ရန်ကုန်ဆိပ်ကမ်း များမှတဆင့် တရားမဝင် ကားတင်သွင်း မှုများတွင် အဓိက ပါဝင် ပတ်သက်သော အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အဆင့် အရာရှိများ အပါအဝင် အကောက်ခွန် ဝန်ထမ်း ၂၀ ကျော်ကို နိုင်ငံတော် သမ္မတရုံးက ရာထူး အလုပ် တာဝန်းများမှ ထုတ်ပယ် လိုက်ကြောင်း သတင်းရရှိသည်။
စက်မှုဇုန် ကားကုမ္ပဏီများက ပြည်တွင်းထုတ် စက်မှုဇုန်ကား ထုတ်လုပ်မည်ဟု ဆိုကာ ပြည်ပနိုင်ငံများမှ Super Custom ကားများကို အကောက်ခွန် ဦးစီးဌာနမှ အရာရှိများနှင့် ပူးပေါင်း၍ တရားမဝင် လိုင်စင်မဲ့ တင်သွင်းခဲ့ကြကြောင်း၊ ယင်း တင်သွင်းမှု များနှင့် ပတ်သက်ပြီး အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးခဲ့ပြီး တနှစ်ခန့် အကြာတွင် ယင်းသို့ အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်လိုက် ခြင်းဖြစ်ကြောင်း ရန်ကုန်အကောက်ခွန် ဦးစီးဌာန (ရုံးချုပ်မှ) တာဝန်ရှိသူများက ပြောသည်။
လာဘ်ပေးလာဘ်ယူမှုကြောင့် အလုပ်မှ ထုတ်ပယ်ခံရသူများတွင် ညွှန်ကြားရေးမှူး ရာထူး အဆင့်ရှိသည့် ဦးထင်ပေါ်နှင့် ဦးမျိုးမြင့်သိန်းတို့ ၂ ဦးပါဝင်ကာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ်၊ အကောက်ခွန် ဦးစီးမှူးများ၊ ဒုတိယ အကောက်ခွန်ဦးစီးမှူးများ အပါအဝင် စုစုပေါင်း ၂၄ ဦးထက် မနည်းသော အကောက်ခွန် ဝန်ထမ်းများအား ဇွန်လ ၁၃ ရက်နေ့က နိုင်ငံတော် သမ္မတရုံး အမိန့်ဖြင့် အလုပ်မှ ချက်ချင်းထုတ်ပယ် လိုက်ခြင်းဖြစ်သည်။
“၂၀၀၆ ခုနှစ်တုန်းက အကောက်ခွန် ဦးစီးဌာနက ညွှန်ချုပ်အပါအဝင် အကောက်ခွန်ဝန်ထမ်း ၆၀၀ လောက် ဖမ်းဆီး အရေးယူခံရပြီးတဲ့ နောက်ပိုင်း အခုဖြစ်ရပ်က ဒုတိယအကြီးဆုံး အရေးယူခံရတဲ့ ဖြစ်ရပ်ပါပဲ” ဟု ရန်ကုန် အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူတဦးက ပြောသည်။
အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်အသိုင်းအဝန်းကမူ အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပယ်ခံရသော ဝန်ထမ်း များသည် သိန်းထောင်သောင်းချီ၍ လာဘ်ပေးလာဘ်ယူ မှုများကို ကျူးလွန်ခဲ့ကြကြောင်း၊ ယင်းအမှုတွင် လုပ်ငန်းရှင်များ၊ အကောက်ခွန် ရှင်းလင်းရေး လုပ်ဆောင်သည့် အေးဂျင့်အများအပြား ပါဝင် ပတ်သက်နေကြောင်း၊ အစိုးရအနေဖြင့် သန့်ရှင်းသော အစိုးရ ယန္တရားဖြစ်ရေးအတွက် အားလုံးကို တရားဥပဒေအရ အရေးယူမှု ပြုလုပ်ရမည်ဖြစ်ပြီး အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများကို အလုပ်မှထုတ်ပယ်ရုံဖြင့် လာဘ်ပေးလာဘ်ယူမှုများ ရပ်တံ့သွားလိမ့်မည် မဟုတ်ကြောင်း သုံးသပ်သည်။
“လာဘ်ပေးလာဘ်ယူ လုပ်တဲ့သူတွေကို အလုပ်ထုတ်ပစ်ရုံနဲ့တော့ မဖြစ်ဘူး။ သူတို့ လုပ်ခဲ့တဲ့ တိုင်းပြည် ဘဏ္ဍာ အလွဲသုံးစားမှုတွေ အတွက် တရားရုံးတင်ရမယ်။ ဘယ်လောက်ပမာဏ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့သလဲ ဆိုတာ စစ်ဆေးဖော်ထုတ် ရမယ်။ နောက်လူတွေ မလုပ်ရဲအောင် ထောင်ချရမယ်။ နောက်ပြီးတော့ လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆို တာ ပေးတဲ့လူ ရှိသလို၊ ယူတဲ့လူလည်း ရှိတယ်။ အဲဒီတော့ ဒါကို တိုက်ဖျက်ဖို့ဆိုရင် ပေးတဲ့သူကော၊ ယူတဲ့ သူကော နှစ်ဦးစလုံးကို အရေးယူရမယ်။ လာဘ်ပေးတဲ့ လုပ်ငန်းရှင်တွေ၊ အကောက်ခွန်အေးဂျင့်တွေအများ ကြီး အပြင်မှာ လွတ်နေတယ်” ဟု ရန်ကုန်အခြေစိုက် အကောက်ခွန် အေးဂျင့်တဦးက ဆိုသည်။
လာဘ်ပေးလာဘ်ယူ များစွာ ပြုလုပ်သည်ဟု သတင်းထွက်နေသော အကောက်ခွန် ညွှန်ကြားရေးမှူး ဦးသိန်းဆွေမှာ အလုပ်ထုတ် အရေးယူခံရမှုများတွင် မပါဝင်သော်လည်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ ခေါ်ယူစစ်ဆေးမှုများ ခံနေရကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးတဦးဖြစ်သူ မှူးဇော်ကမူ သူ၏ facebook တွင် အစိုးရအရာရှိများကို ရာထူးမှ ထုတ်ပယ်ခြင်းမဟုတ်ဘဲ ရာထူးတဆင့်ချ၊ ဌာနပြောင်းခြင်းဖြစ်ကြောင်း၊ အရေအတွက် စုစုပေါင်းမှာ အကောက်ခွန်ဝန်ထမ်း ၃၃ ဦး၊ စီးပွား/ကူးသန်း ဝန်ထမ်း ၅ ဦးနှင့် မြန်မာ့ဆိပ်ကမ်းဝန်ထမ်း ၅ ဦးတို့ဖြစ်ကြောင်း ရေးသားထားသည်။ သို့သော်လည်း မည်သည့်အကြောင်းကြောင့် ရာထူးချ ပြောင်းရွှွေ့ခြင်းကိုမူ ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။
အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းတချို့က ယခုဖြစ်ပေါ်လာသော လာဘ်ပေးလာဘ်ယူမှုများသည် မီဒီယာများတွင် သတင်းများ ဆက်တိုက်ဖော်ပြခဲ့ခြင်း၏ နောက်ဆက်တွဲဖြစ်ကြောင်း၊ အကောက်ခွန် ဦးစီးဌာနတွင် မီဒီယာများ၏ မေးမြန်းမှုများကို တာဝန်ရှိသူမှအပ မည်သူမျှ ဖြေကြားပြောဆိုခြင်း မပြုရန် ညွှန်ကြားထားကြောင်း ပြောသည်။