မြန်မာအစိုးရကို အားပေးသည့်အနေဖြင့် ဒီမိုကရေစီနှင့် သဟဇာတဖြစ်မည့် ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံခြား ကုမ္ပဏီများကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရောက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်သည်။
ဥရောပ ခရီးစဉ်အတွင်း ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တွင် ယနေ့ ပြောကြားသော ဥရောပရောက် ပထမဆုံး မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ တိုက်တွန်းခြင်း ဖြစ်သည်။
သို့သော် ရင်းနှီးမြှုပ်နှံရာ၌ သတိထားရမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု မရှိသည့်အတွက် ထိုအခြေအနေမှ မတိုးတက်လာသရွေ့ နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် MOGE နှင့် ပူးတွဲ အလုပ်လုပ်ခြင်း မပြုကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
“စွမ်းအင်ကဏ္ဍမှာ ဖက်စပ်အနေနဲ့ နိုင်ငံခြားက ပူးပေါင်းလုပ်ဆောင်နေတဲ့ စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓတ်ငွေ့လုပ်ငန်းဟာ ပွင့်လင်းမြင်သာမှုရော တာဝန်ယူမှုပါ လောလောဆယ် မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာအစိုးရအနေဖြင့် ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုအတွက် IMF ၏ ကျင်းထုံးနည်းနာကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြု စံနှုန်းများကို လိုက်နာရန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ILO ၌ မိန့်ခွန်းမပြောမီ ယမန့်က ILO အနေဖြင့် မြန်မာနိုင်ငံအပေါ် တားမြစ်ကန့်သတ်ချက် အများစုကို ရုပ်သိမ်းပေး လိုက်ကြောင်း ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်ချက်မူကြမ်းကို ဇွန်လ ၆ ရက်နေ့မှ စတင်၍ ၅ ရက် အကြာ ILO မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အသေးစိတ် လေ့လာသုံးသပ်ဆွေးနွေးပြီး ညီလာခံအစည်းအဝေးသို့ တင်သွင်းခဲ့ကြောင်း၊ ILO ညီလာခံ အစည်းအဝေး တက်ရောက်သော အစိုးရကိုယ်စားလှယ်များ အပါအဝင် အလုပ်သမားအဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်းတို့က မြန်မာနိုင်ငံအပေါ် တားမြစ်ကန့်သတ်ချက်များအား ရုပ်သိမ်းရန် ထောက်ခံပေးခဲ့ကြောင်း သိရှိရသည်။
ILO အနေနှင့် မြန်မာနိုင်ငံအပေါ် တိုးတက်ပြောင်းလဲမှုများကို အသိအမှတ်ပြု၍ ပူးပေါင်းလုပ်ဆောင်ခွင့်ရရှိရန် အထူးအခွင့်အရေး ပေးခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (HREIB) ၏ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက သုံးသပ်သည်။
“အရင် အစိုးရလက်ထက်တုန်းက ILO နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူး။ အခု အစိုးရလက်ထက်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတဲ့အတွက် ဒီအခြေအနေမျိုးမှာ အခွင့်အကောင်း ယူပြီးတော့ ငွေအား၊ အတတ်ပညာပိုင်း ကူညီပေးဖို့ သူတို့က အဆင်သင့်ရှိတယ်လို့ ထုတ်ပြန် တာဖြစ်တယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
ILOအနေဖြင့် ယခင်က မြန်မာပြည်ကို အဓမ္မစေခိုင်းမှု ဆိုးရွားသည့်အနေအထား သတ်မှတ်ထားပြီး လက်ရှိ အစိုးရလက်ထက်တွင် သာမှန်အနေအထားအဖြစ် ပြန်လည်သတ်မှတ်ခြင်းဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ဆက်ပြောသည်။
ဦးအောင်မျိုးမင်းက လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေခံလုပ်ခလစာနှင့် ခံစားခွင့်များအတွက် ဆန္ဒပြမှုများကို ထောက်ပြပြီး “တဖက်မှာ လုပ်အားပေး စေခိုင်းမှုတွေ ပပျောက်အောင် လုပ်နေသလို တဖက်မှာ အလုပ်သမားအခွင့်အရေး တိုးတက်အောင် ကာကွယ်ပေးတဲ့ အနေအထားမျိုးတွေ တိုးတက်မြှင့်တင်အောင် အစိုးရက ဆက်လက် လုပ်ဆောင်ဖို့တော့ အများကြီးလိုတယ်။ အခု အချိန်အထိ အဲဒီလောက် အပြည့်အ၀ ကာကွယ်ပေးနိုင်တဲ့ အဆင့်မျိုးတော့ မရောက်သေးဘူး” ဟု ဆိုသည်။
ILO အဖွဲ့ အစည်းအနေနှင့် မြန်မာနိုင်ငံမှ အဓမ္မ စေခိုင်းမှုများနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်မှ စတင်၍ အရေးယူမှုများ ပြုလုပ်ခဲ့သည်။