ရခိုင်ပြည်နယ်၏ မြို့နယ်၊ ကျေးရွာအများစု၌ အဓိကရုဏ်းများဖြစ်ပွားပြီး သီတင်းတပတ်ခန့် အကြာတွင် တည်ငြိမ်မှု တချို့ စတင် ရရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့၏ ရပ်ကွက်၊ ကျေးရွာများ၏ ယနေ့ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီး ပြည်သူတချို့ ပုံမှန်သွားလာနေ သည်ကို တွေ့ရကြောင်း၊ မြို့ပေါ်ရှိ ဈေးဆိုင်များ၊ ဆိုင်ခန်းများနှင့် ဘဏ်တချို့ကို ဖွင့်ထားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ပြောပြသည်။
“မနေ့က ညနေက စပြီး စစ်တွေ တမြို့လုံး တည်ငြိမ်အေးချမ်းနေပါပြီ၊ ဘာမှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမရှိတော့ပါဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
စစ်တွေ၊ မောင်တော အပြင် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များ နှင့်ကျေးရွာ တချို့၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂါလီလူမျိုး တို့ အကြား ပြဿနာ ဖြစ်ပွားမှုတချို့ ယမန်နေ့တွင် ရှိခဲ့ကြောင်း၊ သို့သော် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ တို့က ထိန်သိမ်းနိုင်ခဲ့ကြောင်း ရခိုင်ဒေသခံ များက ပြောသည်။
“မင်းပြား၊ မြေပုံ မြို့တွေက ကျေးရွာ တချို့မှာ ရခိုင် နဲ့ ကုလားတွေ အကြား ပြဿနာ ဖြစ်ပေါ်ခဲ့ပေမယ့် လုံထိန်းတွေ၊ ရပ်မိ ရပ်ဘ လူကြီးတွေ က အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်၊ ဒီမနက် အထိတော့ အေးအေးဆေးဆေးပါပဲ”ဟု မြေပုံမြို့ခံ ဦးဖေသန်း က ပြောသည်။
စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာ တချို့၌ ယမန်နေ့ နံက်ပိုင်းတွင် ရခိုင်လူမျိုးအများစု နေထိုင်သည့် ရပ်ကွက် ကျေးရွာတချို့ကို တဖက်နိုင်ငံမှ အခြေချနေထိုင်သည့် ဘင်င်္ဂါလီလူမျိုးများက မီးရှှို့ခြင်းများ ရှိသကဲ့သို့ ရခိုင် ကလည်း ဘင်္ဂါလီများ၏ နေ အိမ် တချို့ကို မီးရှှို့ခြင်းများ ရှိကြောင်း ဦးဝင်းမြိုင်ကလည်း ပြောသည်။
ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းများကြောင့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ စသည့် မြို့များတွင် ဇွန်လ ၈ ရက်မှ စတင်၍ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်၌ သမ္မတ ဦးသိန်းစိန်က အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ယင်း အဓိကရုဏ်းများအတွင်း ရခိုင်ဒုက္ခသည် ဦးရေ စုစုပေါင်း၂၀၀၀၀ ဝန်းကျင် အထိရှိပြီး နောက်ထပ် တိုးလာနိုင်ဖွယ်ရှိသေး ကြောင်း၊ ဒုက္ခသည်များအား စစ်တွေ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း စသည့် ဒုက္ခသည် စခန်း ၃၄ ခုတို့၌ နေရာချ ထားပေးကြောင်း၊ ဘင်္ဂါလီလူမျိုးများ အတွက်လည်း ၎င်းတို့အများစု နေထိုင်သည့်ရွာ၊ ဗလီများတွင် နေရာချထား ပေး ကြောင်း သိရသည်။
“ဘင်္ဂါလီ မွတ်စလင်တွေ အတွက်လည်းပဲ ဆန်အိတ် ၁၀၀ မနေ့က စပေးနေတယ်၊ နောက်လည်း ပေးသွားမှာပါ၊ အလားတူပဲ ရခိုင်လူမျိုးတွေကိုလည်းပဲ ကူညီထောက်ပံ့ပေးနေပါတယ်”ဟု ဦးဝင်းမြိုင်က ဆိုသည်။
သက်ဆိုင်ရာမြို့နယ် ပြည်သူ့ဆေးရုံများမှ စုံစမ်းသိရှိရသော စာရင်းများအရ မောင်တောမြို့တွင် ရခိုင်လူမျိုး ၇ ဦး သေဆုံးပြီး စစ်တွေမြို့တွင် ရခိုင်လူမျိုး၂၁ ဦးသေဆုံးကာ ဘင်္ဂါလီ ၆ ဦးသေဆုံးကြောင်း သိရသည်။ ဆေးရုံနှင့် အလှမ်းဝေးသော ရပ်ကွက် ကျေးရွာများတွင်လည်း သေဆုံးမှုများရှိသည်ကို ကြားသိရသော်လည်း အတည်မပြုနိုင်ကြောင်း စစ်တွေဆေးရုံကြီးက ပြော သည်။
စစ်တွေမြို့သို့ ရောက်ရှိနေသည့် သတင်းထောက်များ က သေဆုံးသူ ဦးရေသည် အစိုးရထုတ်ပြန်မှုထက် များကြောင်း၊ ၎င်းတို့၏ မျက်မြင်တွေ့ရှိချက်အရ သေဆုံးသူ အများစုမှာ ရခိုင်လူမျိုးများ ဖြစ်ကြောင်း ပြောဆိုသည်။
စစ်တွေ တက္ကသိုလ် အနီး ချောင်းထဲတွင် မျောနေသည့် ရခိုင်လူမျိုး အလောင်း တခုကို ယနေ့ နံက်ပိုင်းက ဆယ်ယူရရှိထားကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် သတင်းထောက် တချို့က ပြောသည်။
မောင်တော၊ စစ်တွေဒေသ၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ ပြည်ပ မီဒီယာများမှ ထုတ်လွှင့်ခဲ့မှုများသည် ပြည်တွင်း မီဒီယာများနှင့်ဆန့်ကျင်ဘက် ဖြစ်နေပြီး ဘာသာရေး၊ လူမျိုးရေး ကိစ္စကို ပုံကြီးချဲ့ပြောသွားခဲ့ကြောင်း၊ ဖြစ်ရပ်မှန်များကို ကိုယ် တိုင်လာရောက် သတင်းယူနေကြသည့် ပြည်တွင်း မီဒီယာများကို လွတ်လပ်စွာ သတင်းယူခွင့်ပေးထားကြောင်း ဦးဝင်းမြိုင်က ပြောဆိုသည်။
“ပြည်ပက ထုတ်လွှင့်တာတွေက ဆန့်ကျင်ဘက်လို့ ပြောချင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘူးသီးတောင်၊ မောင်တော မှာရခိုင်လူမျိုး သိပ်မရှိသလို စစ်တွေမှာလည်းပဲ ရခိုင်ဦးရေ နည်းတယ်”ဟု ၎င်းက ဆိုသည်။
မောင်တောမြို့တွင် ဒုက္ခသည် ၅၀၀၀ ကျော်ကို မြို့ခံဘုန်းကြီးကျောင်းများနှင့် အစိုးရ အဆောက် အအုံများတွင် ထားရှိသည်။ ထိုဒုက္ခသည်များကို မြို့ခံလူမှု ကူညီရေး အသင်းများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက လှူဒါန်းပေးလျက်ရှိသည်။ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများထံ မြန်မာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇာ်ဇော်၊ ရုပ်ရှင် သရုပ်ဆောင် ပြေတီဦး နှင့် ဒါရိုက်တာ ဝိုင်း အပါအဝင် စေတနာရှင်များသည် ယမန်နေ့က လာရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။