ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ဒုက္ခသည်အရေးနှင့် ပတ်သက်၍ မဖြစ်မနေ လိုက်ပါဆောင်ရွက်ပါမည်ဟု နိုင်ငံတကာတွင် ကတိကဝတ် ပြုထားသည်များကို လေးစားလိုက်နာရန် အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်သည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံဘက်မှ ဒုက္ခသည် များအား ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်နှင်ထုတ်သည့်အပေါ် အမေရိကန်အစိုးရအနေနှင့် စိုးရိမ်မိကြောင်း ယမန်နေ့ကကျင်း ပသည့် အမေရိကန် နိုင်ငံခြားရေးဌာန နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
“အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံဘက်က ထွက်ပြေးလာကြသူတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက နိုင်ငံထဲ အဝင် မခံဘဲ နှင်ထုတ်ခဲ့တယ်လို့ ကြားရတဲ့အပေါ် ကျမတို့ စိုးရိမ်မိပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နူလန်း(Victoria Nuland) က သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းထောက်များကို ပြောကြားသည်။
၎င်းက ဆက်လက်၍“ဒါကြောင့် ဒုက္ခသည်ဆိုင်ရာ စာချုပ်စာတမ်းတွေအရ တာဝန်ရှိတဲ့အတိုင်း မဖြစ်မနေ လိုက်ပါဆောင်ရွက်ပါ့မယ်လို့ နိုင်ငံတကာမှာ ကတိကဝတ်ပြုထားတာတွေကို လေးစားလိုက်နာဖို့နဲ့ ရေရှည်ထားရှိခဲ့တဲ့ တကယ် ဒုက္ခရောက်သူကို သက်ဆိုင်ရာနိုင်ငံ ဒါမှမဟုတ် အစိုးရဆီ ပြန်မပို့ရေး မူဝါဒ အတိုင်း ဆက်လက် ရပ်တည်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကျမတို့ တိုက်တွန်းနေပါတယ်”ဟုလည်း ဆိုသည်။
ထို့အပြင်“ဒါတွေကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျမတို့တိုက်တွန်းတဲ့ အဓိက အချက်တွေပါ။ မြန်မာပြည်ဘက်က ပဋိပက္ခ တွေ မှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုအားလုံးကိုလည်း အကြမ်းဖက်တဲ့နည်းနဲ့ မဖြေရှင်းဘဲ ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းကြဖို့၊ ပြီး တော့ သူတို့ကိုင်စွဲထားတဲ့ တုတ် ဓား လက်နက်တွေကို ချပြီး အချင်းချင်း စတင် စကားပြောကြဖို့ ကျမတို့ ဆက်လက် တိုက် တွန်း သွားမှာဖြစ်ပါတယ်”ဟု ဗစ်တိုးရီးယားက ပြောသည်။
၎င်းက သတင်းထောက်များ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် က အမေရိကန်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် အမ် ခရစ်ရှ်နာ(S M Krishna) နှင့် မြန်မာပြည်၏ လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့သည်ဟုလည်း ထည့်သွင်း ပြောဆိုသည်။
“အမေရိကန်-အိန္ဒိယ မဟာဗျူဟာ ဆွေးနွေးပွဲ မစခင်မှာ ကျမတို့ နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ခဏတွေ့ခဲ့ပါတယ်။ အဲ့ဒီလိုတွေ့ကြတဲ့အချိန်မှာ မြန်မာပြည်အကြောင်းနဲ့ မြန်မာပြည်က လူမျိုးစုရေးရာကိစ္စတွေ၊ ရိုဟင်ဂျာ ကိစ္စတွေကို သူတို့ ပြောဖြစ်ကြတာပါ”ဟု ဗစ်တိုးရီးယား က ဆိုသည်။
တချိန်တည်းမှာပင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ်(International Federation for Human Rights)၊ ဖိုရမ် အေးရှား (Asian Forum for Human Rights and Development)၊ စင်ပြိုင် အာဆီယံအဖွဲ့(Alternative ASEAN Network on Burma)၊ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ပျောက်ဆုံးသူများနှင့် အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်ရသူများ ဆိုင်ရာ ကော်မရှင် (Commission for Missing Persons and Victims of Violence) နှင့် ဂျကာတာ ဥပဒေဆိုင်ရာ အကူအညီ အင်စတီကျု (Jakarta Legal Aid Institute) တို့က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ပြည်သူလူထုတရပ်လုံးအား ဘာသာရေး သို့မဟုတ် လူမျိုးရေးအခြေခံ အကြမ်းဖက်မှုများနှင့် ခွဲခြား ဆက်ဆံမှု ပုံစံအားလုံးမှ အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို ချက်ချင်းလက်ငင်းဆောင်ရွက်ရန်၊ အကြမ်း ဖက်မှုများနှင့်ပတ်သက်ပြီး လွတ်လပ်၍ သမာသမတ်ကျသော ထိရောက်သည့် စုံစမ်းစစ်ဆေးမှုတရပ် အမြန်ဆုံး အကောင်အထည် ဖော်ရန် မြန်မာ အာဏာပိုင်များအား တောင်းဆိုထားသည်။
“ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ဖြစ်နေချိန်တွင် အစိုးရလုံခြုံရေး အင်အားစုများ အနေနှင့် အာဏာပိုင်
များ အင်အားနှင့် လက်နက်အသုံးပြုမှုဆိုင်ရာ ကုလသမဂ္ဂ အခြေခံ သဘောထားများအတိုင်း တိတိကျကျ လိုက်နာသင့်သည်” ဟုလည်း ယင်း ကြေညာချက်၌ ဖော်ပြထားသည်။
ထို့အပြင် ကြေညာချက်၌ နယ်စပ်ပြန်ဖွင့်ရန်နှင့် လူ့အခွင့်အရေးနှင့် ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ်ချက်များအရ တာ ဝန် ရှိသည့်အတိုင်း မဖြစ်မနေ လိုက်ပါဆောင်ရွက်ပါမည်ဟု ကတိကဝတ်ပြုထားသည်များကို ဆက်လက်ထိန်းသိမ်း၍ ရခိုင်ပြည် နယ် မှ ထွက်ပြေးလာသူအားလုံးကို လိုအပ်သည့်အကာအကွယ်များပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရအား တောင်းဆိုထားသေး သည်။
ပဋိပက္ခများကြားမှ ထွက်ပြေးလာသော ပြည်သူများကို နိုင်ငံတွင်းဝင်ရောက်မှု ဟန့်တားခြင်းသည် ၎င်းတို့အား အကြမ်းဖက် ရာဇဝတ်မှုနှင့် သေကြေပျက်စီးမှု အန္တရာယ်တွင်းသို့ တွန်းပို့ရာ ရောက်စေသည်ဟုလည်း ကြေညာချက်က ဆိုသည်။
အလားတူ ကနေဒါနိုင်ငံကလည်း ပြီးခဲ့သည့် ရက်သတ္တပါတ်မှစ၍ ယနေ့တိုင်ဆက်လက်ဖြစ်ပွားနေသော ရခိုင်ပြည် နယ်ရှိ ဆူပူလှုပ်ရှားမှုများနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာအဖြေရှာကြရန် ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့သည်။
“မိမိတို့အနေနှင့် ယင်းတိုက်ခိုက်မှုများအား ရှုတ်ချသည့်အပြင် ပဋိပက္ခအတွက် ငြိမ်းချမ်းသည့်အဖြေတခုရရန် အားလုံးက ဆောင် ရွက်ကြရန်လည်း တောင်းဆိုပါသည်”ဟု ကနေဒါ လွှတ်တော်အမတ် လွိုက်စ် ဘရိုး(Lois Brow)က အစိုးရ ကိုယ်စား ကနေဒါ အောက်လွှတ်တော်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။