နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆုနဲ့ ရပ်ဖ်တို လူ့အခွင့်အရေးဆုကို ကိုယ်တိုင် လာရောက်လက်ခံဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ညနေမှာ အော်စလိုမြို့ကို ရောက်လာမှာဖြစ်တယ်။
၃ ရက်ကြာ နေထိုင်မယ့် သူ့ရဲ့ခရီးစဉ်ကို နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာတွေကလည်း ဝမ်းမြောက်ပြီး စိတ်လှုပ်ရှားနေပါတယ်။
“ဒေါ်စုကို အပြင်မှာ တခါမှ မမြင်ဖူးသေးဘူး။ ကိုယ့်တိုင်းပြည်က ခေါင်းဆောင်တယောက်လည်းဖြစ်၊ အမေလိုလည်း ဖြစ်နေတဲ့သူကို တကယ်တွေ့ရတော့မှာဆိုတော့ တော်တော်လေး စိတ်လှုပ်ရှားတယ်။ ကိုယ့်အမေက အဝေးရောက် သားသမီးတွေကို လာတွေသလိုမျိုး ခံစားရတယ်” လို့ မွန်ပြည်နယ်က ဇာတ်မင်းသား ကိုငယ်ဇော်က ပြောပါတယ်။
၁၉၉၁ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်ကို ကမ္ဘာ့ သတင်းမီဒီယာတွေကနေ ဖော်ပြနေပါတယ်။
နိုဗဲလ်ဆုရွေးချယ်ရေး ကော်မတီက သူတို့ပေးထားတဲ့ နိုဗဲလ်ဆုလက်မှတ်တွေကို သီးခြား မိတ္တူပွားထားတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဗဲလ်ဆုချီးမြှင့်ခဲ့တဲ့ ဆုလက်မှတ်မိတ္တူကိုလည်း နော်ဝေလူမျိုး ပန်းချီဒီဇိုင်းပညာရှင် ၃ ဦးကနေ အသစ်ပြန်လည် မွန်းမံပြီး စနေနေ့ကျင်းပမယ့် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှဲအပ်မှာဖြစ်တယ်။ အခမ်းအနားကို မြန်မာအများစု တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
အဝေးနိုင်ငံကလာတဲ့ မြန်မာတွေတက်ရောက်နိုင်ဖို့လည်း ရှေ့ပိုင်းမှာ နေရာချပေးမယ်လို့ သိရတယ်။ အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း (ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမတဝမ်းကွဲ) လည်း တက်ရောက်မှာဖြစ်သလို နော်ဝေးနိုင်ငံကို စာနယ်ဇင်း၊ မီဒီယာဆိုင်ရာ အခြေအနေတွေ လေ့လာဖို့ ရောက်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးစိုးဝင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုဗဲလ်ဆုနှင်းအပ်တဲ့ အခမ်းအနား တက်ရောက်မယ်လို့ ကြားရတယ်။
နိုဗဲလ်ဆု ပေးအပ်တဲ့ အခမ်းအနားအပြီး ညနေ ၃ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေအပါအဝင် ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊အမေရိကန် အပါအဝင် နိုင်ငံတချို့က လာရောက်တဲ့ မြန်မာတွေနဲ့ ၄၅ မိနစ်ကြာ သီးခြားတွေဆုံ စကားပြောဦးမှာပါ။ နိုဗဲလ်ဆုရှင်တဦးက သူ့နိုင်ငံသားတွေနဲ့ သီးခြားတွေ့ပြီး စကားပြောမယ်ဆိုတာ အရင်က မရှိခဲ့ဖူးပါဘူး။
မြန်မာတွေနဲ့ တွေဆုံမယ့် နိုဗဲလ် ငြိမ်းချမ်းရေးစင်တာ (Nobel Peace Certer) အဆောက်အဦးမှာ နိုဗဲလ်ဆုရှင်တွေနဲ့ ပတ်သက်ရာ မှတ်တမ်းတွေကို ပြခန်းတခု ဖွင့်ထားတာပါ။
ဒီရက်ပိုင်းမှာတော့ မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ ဓာတ်ပုံမှတ်တမ်းတွေ ပြသထားမှာဖြစ်ပြီး ပြပွဲနာမည်ကို (Mother Democracy) လို့ ပေးထားပါတယ်။ စနေနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဓာတ်ပုံပြပွဲကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
နော်ဝေ မြန်မာကော်မတီအဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်က မြို့တော်ခန်းမရှေ့မှာ လူထုကို မိန့်ခွန်းပြောမယ့်အကြောင်း ကြော်ငြာလက်ကမ်း စာစောင်လေးတွေ ဖြန့်ဝေနေပါတယ်။
မြန်မာတွေနဲ့ တွေ့ဆုံစကားပြောပြီးရင် အဲဒီ အော်စလိုငြိမ်းချမ်းရေးစင်တာကနေ သိပ်မဝေးတဲ့ မြို့တော်ခန်းမ လူထုဟောပြောပွဲ စင်မြင့်ရှိရာကို ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသားတွေ ခြံရံပြီး လမ်းလျှောက်လာမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စကားမပြောခင် နော်ဝေ မြန်မာကော်မတီက အကြီးအကဲတဦး၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ခေါင်းဆောင်တဦးနဲ့ နော်ဝေနိုင်င်ငံမှာ နေထိုင်နေတဲ့ NLD ပါတီက မြကြေးမုံ (စာရေးဆရာမ သာယာဝတီ စမ်းစမ်းနွဲ့ရဲ့သမီး) က မြန်မာပြည် အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေကို ဟောပြောပွဲလာ နော်ဝေနိုင်ငံသားတွေကို ရည်ရွယ်ပြီး နော်ဝေစကားနဲ့ဲ့ မိတ်ဆက်ပြောကြားကြမှာ ဖြစ်ပါတယ်။
အော်စလို ရဲအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် မရောက်ခင်၂ ရက်လောက်ကတည်းက အခမ်းအနားကျင်းပမယ့် အော်စလိုမြို့တော်ခန်းမ၊ တည်းခိုရာဟော်တယ်၊ နိုဗဲလ်စင်တာတို့မှာ လှုပ်လှုပ်ရှားရှား ရှိနေကြတာတွေ့ရပါတယ်။
“ဒေါ်စုလာမယ်ဆိုလို့ ကျနော်တင်မက တခါမှ သူ့ကိုမတွေ့ဖူးတဲ့ ကျနော့်မိသားစုပါ စိတ်လှုပ်ရှားနေကြပါတယ်။ ကျနော်ဆို အိပ်လို့မရနိုင်အောင် ဖြစ်ရပါတယ်။ တခြားမြန်မာတွေလည်း အဲလိုပါပဲ။ ကျနော့်မိုဘိုင်းဖုန်းလည်း မနားရပါဘူး။ ဒေါ်စုခရီးစဉ်ကို မေးမြန်းတာ၊ အခမ်းအနားတက်ဖို့ ဖိတ်စာမရလို့ စိတ်ပူပန်နေကြတာတွေ အများကြီးပါ” လို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးမယ့် ၁၉၉၀ခုနှစ NLD ခရမ်းလွှတ်တော် အမတ်ဟောင်း ဦးကျော်သွင်က ပြောပါတယ်။
လွန်ခဲ့တဲ့ မေလ ၅ ရက်နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေး ၁၅ ဦး ကော်မတီကို တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့အတူ ဖွဲ့ထားကြောင်း သိရပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲဆိုရင် ခြောက်ခြောက်ကပ်ကပ်နဲ့ လုပ်ခဲ့ရတယ်။ မဆိုင်သလိုလုပ်ပြီး အနားမကပ်တဲ့လူတွေက များတယ်။ အခုလို အချိန်ကျတော့ တရုန်းရုန်းနဲ့” လို့ NLD အဖွဲ့ဝင်တယောက်က ညည်းပါတယ်။
“ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်တယောက် လာမှာကို နိုင်ငံရေးနဲ့ ပတ်သက်သူရော၊ မပတ်သက်သူတွေရော တက်တက်ကြွကြွ ဖြစ်နေတာတော့ ဝမ်းသာစရာ၊ ဂုဏ်ယူစရာပေါ့” လို့ သူကဆက်ပြီးပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်ကနေ အော်စလိုလေဆိပ်ကို ညနေ ၄ နာရီ ၅ မိနစ်မှာ ရောက်ပြီး လေဆိပ် အထူးဂိတ်ကနေ တည်းခိုမယ့် ဟိုတယ်ကို ညနေ ၅ နာရီမှာ ရောက်မယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရောက်ရင် တည်းခိုမယ့် Grand ဟိုတယ်ရှေ့မှာ မြန်မာတွေ သိုက်သိုက်ဝန်းဝန်း ကြိုကြမှာပါ။
“အိုးစည် ဒိုးပတ်ဝိုင်းတွေအပြင်၊ ကရင်ဒုံးယိမ်းအကတွေကပြီး ဟိုတယ်ရှေ့မှာ ဒေါ်စုကို ပန်းစည်းဆက်တာတွေ လုပ်မယ်။ လုံခြုံရေးရဲတွေရဲ့ ခွင့်ပြုချက်ရပြီးပြီ။ ဒေါ်စုလည်း ခနတော့ရပ်ပြီး နှုတ်ခွန်းဆက်မယ်လို့ မျှော်လင့်ရတယ်” လို့ ဦးကျော်သွင်က ပြောပါတယ်။
သောကြာနေ့ညနေ ၆ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေး၀န်ကြီးချုပ်နဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲနဲ့ ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။
သုံးရက်ကြာ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်း ဒုတိယမြို့တော်ဖြစ်တဲ့ ဘာဂင်မြို့မှာ ၁၉၉၀ ခုနှစ်က ချီးမြှင့်ခံရတဲ့ ရပ်ဖ်တို လူ့အခွင့်အရေးဆုကို လက်ခံပြီး အဲဒီကမြန်မာတွေနဲ့လည်း သီးခြားတွေ့မယ့် အစီအစဉ်တွေ ရှိပါတယ်။