ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ထိန်းချုပ်နိုင်ပြီဟု နယ်စပ်ရေးရာ ဝန်ကြီးက ဆိုခဲ့သော်လည်း ယနေ့ နံနက် ၁ နာရီအချိန်က စစ်တွေမြို့တွင်း မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၆၀ ခန့် မီးထဲပါသွားသည်ဟု သိရသည်။
စစ်တွေမြို့ ကစ္စပနဒီမြစ်ကမ်းနဘေးရှိ ပါဒလိတ်ချိတ် ရပ်ကွက်အတွင်းတွင် ဘင်္ဂါလီများက ၎င်းတို့ နေအိမ်များကို မီးဝင်ရှို့ခဲ့ကြောင်း၊ ၂ နာရီခန့် မီးဆက်တိုက် လောင်ကျွမ်းခဲ့ရာ ဘင်္ဂါလီများ၏ အိမ်များမှ တဆင့် ရခိုင်တိုင်းရင်းသား တို့၏ နေအိမ်များကိုပါ မီးကူးခဲ့ကြောင်း၊ ဝင်ရောက်မီးရှို့သူများမှာ မြစ်ထဲသို့ ဆင်းပြေး သွားသောကြောင့် ဖမ်းမမိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များမှာ လူမရှိသောနေအိမ်များ ဖြစ်ပြီး လူအများမှာ ပဋိပက္ခရန်ကြောင့် ဒုက္ခသည် စခန်းများသို့ ရှောင်တိမ်းနေကြစဉ် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။
ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေပြီး အခြေအနေမှာ ငြိမ်သက်သည်ဟု ထင်ရသော်လည်း လုံးဝအေးငြိမ်းသွားသည်ဟု မဆိုနိုင်သေးကြောင်း၊ နေအိမ်များအား မီးရှို့ထွက်ပြေးသူတို့ လွတ်မြောက်နေသေး သဖြင့် လူအလစ်တွင် ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးမည့်ရန်ကို စိုးရိမ်နေရသေးကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့က စစ်တွေမြို့ ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို ထိန်းချုပ်နိုင်ပြီဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။
“မနေ့ဇွန် ၁၃ ရက်နေ့က စပြီးတော့ အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ဇွန် ၁၃ ရက်နေ့ ညက မီးရှို့ဖျက်ဆီးရန် ကြံစည်သူ ၂၉ ဦးကို စစ်တွေ ကုန်းတန်း ရပ်ကွက်တွင် အချိန်မီ ဖမ်းဆီး ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ၎င်းတို့ထံမှ အဝတ်စများ ထိုးထည့်ထားသော ဓာတ်ဆီ ၂၅ ပုလင်း၊ ပြင်ဆင်မှုအတွက် ရည်ရွယ်သည့် ပုလင်းခွံ ၃၄ လုံး၊ ဓား၊ ဓားမြှောင်၊ သံချွန်၊ သံတူရွင်းများကို သိမ်းဆည်း ရရှိခဲ့ကြောင်း ဝန်ကြီးက ရှင်းပြသည်။
သို့ရာတွင် ဗလီများအတွင်း လက်နက်များ ရှာဖွေတွေ့ရှိသည် ဆိုသည့် သတင်း ထွက်ပေါ်ခဲ့သည်ကို ဝန်ကြီးက အတည်မပြုခဲ့ဘဲ သတင်းထောက်များ၏ မေးမြန်းမှုများအား ဖြေကြားခြင်း မရှိပေ။
ဇွန် ၁၄ ရက်နေ့က စစ်တွေမြို့တွင် ဘဏ်နှင့် တချို့ ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ထားပြီး မြို့တွင်း အသွားအလာ ပြန်လည် ပြုလုပ်လာကြ သော်လည်း ဒေသခံများကမူ ဇွန်လ ၁၅ ရက်နေ့ သောကြာနေ့တွင် ဘင်္ဂါလီများ ဗလီတက်ရောက် စုရုံးပြီး ပဋိပက္ခ ထပ်မံ ဖန်တီးမည် ဆိုသည့် သတင်း ထွက်ပေါ်ခဲ့သဖြင့် စိုးရိမ်နေကြသည်။
ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူများအတွက် ယာယီနေထိုင်ရန် စခန်းများ ဖွင့်လှစ်ပေးထားရာ စစ်တွေမြို့တွင် စခန်း ၁၇ ခု၊ ရသေ့တောင်တွင် စခန်း ၁၄ ခု၊ ပုဏ္ဏားကျွန်းတွင် စခန်း ၄ ခု၊ ပေါက်တော မြို့တွင် စခန်း ၂ ခု ရှိကြောင်း၊ တချို့မှာ နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံ နေကြရကြောင်း သိရသည်။
“ဖြစ်ပြီးသွားတဲ့ အနေအထားမှာ ကြည့်လိုက်ရင် ဘယ်သူမှမနိုင်ဘူး၊ ဘယ်သူမှ အကျိုးအမြတ်မရှိဘူး။ ဒါပေမယ့် ဒီဖြစ်ရပ် အပေါ်မှာ ဖြစ်စေချင်တဲ့ လူတွေကတော့ စိတ်ထဲမှာ နည်းနည်း ကျေနပ်သွားလိမ့်မယ်။ ဒါပေမယ့် ဒုက္ခသည်တွေ တပုံတပင်ကြီးကို ရရှိလိုက်တာ ကျနော်တို့ရဲ့အကျိုးအမြတ်ပဲ ဖြစ်ပါတယ။ အဲဒါကြောင့် ဒီလိုဖြစ်ရပ်မျိုး ဘယ်နေရာမှာမှ ကျနော်တို့ မဖြစ်စေချင်ဘူး” ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင်း ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခ ကြောင့် ပျက်စီး၊ ဒဏ်ရာရ၊ သေဆုံး စာရင်းများကို ထုတ်ပြန်ရာ မီးလောင်မှုကြောင့် နေအိမ်စုစုပေါင်း ၂၅၂၈ လုံးအနက် ရခိုင် တိုင်းရင်းသားပိုင် နေအိမ် ၁၁၉၂ လုံး၊ ဘင်္ဂါလီများပိုင်နေအိမ် ၁၃၃၆ လုံး၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ဗလီ ၇ လုံး၊ စာသင်ကျောင်း ၁၆ ကျောင်း သေဆုံးသူ ၂၉ ဦး အနက် ရခိုင်တိုင်းရင်းသား ၁၃ ဦး၊ ဘင်္ဂါလီ ၁၆ ဦး၊ ဒဏ်ရာရသူ ၃၈ ဦးအနက် ရခိုင်တိုင်းရင်းသား ၁၆ ဦး၊ ဘင်္ဂါလီ ၂၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။