ထိုင်းနိုင်ငံ ချွန်ဘူရီ မြို့နယ်ရှိ ဆဲမ်ဆမ် လှေဆိပ်တွင် ရေလုပ်သားများ အဖြစ် ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံသား ၁၁ ဦးကို ထိုင်း အာဏာ ပိုင်များက မကြာသေးမီ ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။
ရောင်းစား ခံထားရသူ တဦး၏ တိုင်ကြားချက် အရ ယခု တပတ် အင်္ဂါနေ့က ဆဲမ်ဆမ် လှေဆိပ်မှ လှေ ၂ စီးကို ထိုင်း အထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI) က ဝင်ရောက် စီးနင်း၍ ကယ်တင် ခဲ့ကြောင်း ထိုင်းနိုင်ငံ မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့် တင်မှု ကွန်ရက် (LPN) အဖွဲ့မှ ဒါရိုက်တာ ဆွန်ပေါင် ဆာကရော့ (Sompong Sakaew) က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသား ၁၁ ဦးနှင့် စပ်ဆက်၍ လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ယူဆရသော မွန်တိုင်းရင်းသား ၃ ဦးကို ထိုင်း အာဏာ ပိုင်များက ဖမ်းဆီးထားပြီး ပြန်လည် လွတ်မြောက်လာသူများကိုလည်း ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
“မဲဆောက်က ပွဲစားတွေက သူတို့ကို စက်လှေ လိုက်စရာ မလိုဘဲ ငါးလုပ်ငန်း စက်ရုံတွေမှာ အလုပ်လုပ်ရမယ် ပြောတယ်။ ဒါကြောင့် သူတို့ လာလုပ်ကြတာ”ဟု ဆွန်ပေါင် ဆာကရော့က ဆက်ပြောသည်။
ထိုင်းသတင်းများတွင် ဖော်ပြချက်အရ လူကုန်ကူးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် မွန်တိုင်းရင်းသား ၃ ဦးနှင့် လှေပိုင်ရှင်တို့ ကို ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
“အဲဒီ မွန် လူမျိုးတွေက လှေအလုပ်သမားတွေကို တနေ့ ဘတ်ငွေ ၃၀ ပေးပြီးတော့ နာရီ ၂၀ အထိ အဓမ္မ အလုပ် ခိုင်းတယ်”ဟု DSI တာဝန်ရှိသူ တဦး၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
မြန်မာ နိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအဝင် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့နေရကြောင်း သတင်း များအရ သိရသည်။
ပြီးခဲ့သည့် မေလကလည်း ချွန်ဘူရီမြို့နယ် အချောင်းလှေဆိပ်တွင် ရောင်းစားခံရပြီး ချုပ်နှောင် ခိုင်းစေခံနေရသည့် မြန်မာနိုင်ငံ သား၂၀ ခန့်ကို ဒေသခံ အာဏာပိုင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ကယ်တင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့်မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ်ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်း ဝန်းကျင် ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ အစည်းများက ခန့်မှန်းထားသည်။