
အင်တာနက် လူမှု ကွန်ရက်များပေါ်မှ စိတ်ခံစားမှုများကို ဖော်ပြသော ပြောဆိုဆွေးနွေးချက်များသည် ရခိုင် ပြည်နယ်တွင်း အကြမ်းဖက်မှုများ ဆီသို့ ပိုမိုတွန်းပို့ကာ အစိုးရက အရေးပေါ် အခြေအနေ ကြေညာလိုက်ရသည်အထိ ဖြစ်ခဲ့ရကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။
မြန်မာနိုင်ငံတွင် အင်တာနက် ပိတ်ပင် ထိန်းချုပ်မှုများကို ယခင်က တင်းကျပ်ထားရာသော်လည်း ယမန်နှစ်က စတင် ဖြေလှျှော့လာခဲ့သည့် နောက်တွင် အင်တာနက် အသုံးပြုသူတချို့သည် ကိုယ်ပိုင်သဘောတရား အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြလာကြောင်း၊ အဓိကရုဏ်း ဖြစ်ပေါ်စေရန် လှုံ့ဆော်မှု အရှိန်ရလာပြီး စိုးရိမ်ဖွယ်ရာ အဆင့်ထိ ရောက်လာကြောင်း ၎င်းတို့က ဆိုကြသည်။
“မြန်မာပြည် အနောက်ဘက်ခြမ်းက အမုန်းတရားတွေဟာ ဟာရီကိန်းမုန်တိုင်းလို အရှိန်ပြင်းပြင်းနဲ့ အင်တာနက် လောကကို ရိုက်ခတ်စေခဲ့ပါတယ်။ ကြေကွဲစရာ ကောင်းတာက ဒီပဋိပက္ခတွေအကြောင်း ပြောဆို ဝေဖန်သူ တွေရဲ့ ဆွေးနွေးမှုတွေဟာ နှစ်ဘက် သဘောထား တင်းမာသူတွေအတွက် လောင်စာဖြစ်ခဲ့တယ်” ဟု သြစတေးလျ အမျိုးသားတက္ကသိုလ်တွင် သုတေသန ပြုနေသူ Nicholas Farrelly က AFP သတင်းဌာနကို ပြောခဲ့သည်။
ရခိုင်ပြည်နယ် ဒေသတခွင်တွင် လူဦးရေ ၈ သိန်းခန့် ရှိသည့် မွတ်စလင်ဘာသာဝင်များ၏ အစိတ်အပိုင်းတခုဖြစ်သော ရိုဟင်ဂျာများကို နိုင်ငံသား အများစုက ပစ်မှတ်ထားကြကြောင်း၊ ရိုဟင်ဂျာများကို ကမ္ဘာပေါ်တွင် အဖိနှိပ်အခံရဆုံး လူ နည်းစု တခု အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ထည့်သွင်း စဉ်းစားပေးရန် တိုက်တွန်းချက်များလည်း ရှိနေကြောင်း ပညာရှင် တချို့က သုံးသပ်သည်။
မြန်မာအစိုးရနှင့် မြန်မာများစွာတို့က ရိုဟင်ဂျာများကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ရွှေ့ပြောင်း အခြေ ချလာသူ “တိုင်းတပါးသားများ” အဖြစ် ကြာမြင့်စွာကတည်းက ရှုမြင်နေကြကြောင်း၊ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသား အများစု နေထိုင်သည့် ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် ရိုဟင်ဂျာများအကြား အပြန်အလှန် သံသယ ကြီးသည့် ဆက်ဆံရေး သည်လည်း ကာလကြာပြီဖြစ်ကြောင်း သူတို့က ဆိုသည်။
အစ္စလမ် ဘာသာဝင် များနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုဆီသို့ တွန်းပို့သည့် အတည်ပြုချက်မရှိသော ကောလာ ဟလများ၊ အလွန်အကျွံ ပြောဆိုရေးသားမှုများသည် အင်တာနက် အွန်လိုင်း စာမျက်နှာများတွင် ကျယ်လောင်ခဲ့ သကဲ့သို့ ကြိုက်နှစ်သက်သူ ၅၀၀ ကျော်ရှိသော facebook စာမျက်နှာတခုတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် မသက်ဆိုင်သည့် ဓာတ်ပုံများကို တလွဲအသုံးချပြီး လှုံ့ဆော်လိုသော သဘောဖြင့် ဖော်ပြထားခြင်းကလည်း နှစ်ဘက် မုန်းတီးမှုကို ပိုမို အားဖြည့်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ပြည်ပ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ၏ မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်း စာမျက်နှာများသည်လည်း ရိုဟင်ဂျာများဘက်မှ ဘက်လိုက်ရေးသားသည်ဟု စွပ်စွဲချက်ဖြင့် ရုရှားနှင့် စင်္ကာပူ နိုင်ငံ အိုင်ပီ လိပ်စာများသုံးကာ Blink ဟက်ကာဆိုသူများက တိုက်ခိုက်ခဲ့သည်ဟု DVB ကလည်း ဆိုထားသည်။
“ပဋိပက္ခနဲ့ပတ်သက်ပြီး ၂ ဘက်လုံးမှာ အဓိကရုဏ်းတွေကနေ တဆင့် အကျိုးအမြတ်ထုတ်လိုသူတွေ ရှိနေတယ်”ဟု Farrelly က ပြောသည်။
သဘောထား တင်းမာသူ တချို့ကလည်း ရိုဟင်ဂျာများကို မြန်မာ့မြေပေါ်မှ မောင်းထုတ်ရန် ကြိုးစားမှုများ ရှိသကဲ့သို့ ရိုဟင်ဂျာများ ဘက်မှလည်း မြန်မာနိုင်ငံတွင် ၎င်းတို့ နေထိုင်ခွင့် အခြေအနေနှင့် ပတ်သက်ပြီး ပိုမို ခိုင်မာမှု ရရှိရန် ကြိုးစားမှုများရှိကြောင်း သူက ဆိုသည်။
အခင်းဖြစ်ပွားရာ ဒေသတွင် အင်တာနက် ကန့်သတ်မှု ရှိနေသည့်အတွက် မတည်မငြိမ်မှုသည် အဆိုပါ ဒေသရှိ မည်သည့်နေရာ များကို ထိခိုက်ပြီး မည်သည့်ပမာဏ ထိခိုက်မှု ရှိသည်ဆိုသည့် အသေးစိတ်များ သိရှိရန် မရှင်းမလင်းဖြစ်နေသေးသည်။
International Crisis Group (ICG) အဖွဲ့၏ အင်္ဂါနေ့က အစီရင်ခံစာ တစောင်တွင် မြန်မာအစိုးရအား မလိုလားအပ်သည်များကို ထိန်းညှိနိုင်ရေးအတွက် ဒေသတွင်း သတင်းမီဒီယာများ၏ ပွင့်လင်းသည့် သတင်း ပို့ချက်များကို ခွင့်ပြုရန် တိုက်တွန်းထားသည်။
“အကြမ်းဖက် လုပ်ရပ်တွေဆီကို ဝင်ရောက်လာစေတဲ့ ဝါဒဖြန့်ချိမှုတွေက မြင့်မားလာနေတယ်၊ ဒီအန္တရာယ်နဲ့ ပတ် သက် ပြီး အခုအခါမှာ သတိထားမှုလည်း အတော်နည်းနေတယ်” ဟု HIS Global Insight research group တွင် သုံးသပ်ဝေဖန်သူ တဦးဖြစ်သော Jan Zalewski က ဆိုသည်။
Jan Zalewski သည် လွန်ခဲ့သည့် နှစ်အတော်ကြာကြာက အင်တာနက်နှင့် မီဒီယာဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုများ အ ကြောင်း ရေးသား ဖော်ပြခဲ့သူဖြစ်သည်။
“ရိုဟင်ဂျာတွေဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူး၊ နိုင်ငံသား မဟုတ်ဘူး၊ သူတို့မြေပေါ်ကို လာအခြေချဖို့ ကြိုးစား နေတဲ့ ဘင်္ဂါလီတွေပဲဆိုတဲ့ တဘက်သတ် ဇာတ်လမ်းကိုပဲ မြန်မာလူထုက နာလည်းယုံကြည်နေကြတာ” ဟု နယူးယောက် အခြေဆိုက် လူအခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) မှ Phill Robertson က AFP ကို ပြောသည်။
လူမှုကွန်ရက် မီဒီယာသည် အကြမ်းဖက်မှုများကို လှုံ့ဆော်နေကြသည့် လူမျိုးရေး ဝါဒီများ၏ ပွင့်လင်းစွာ ရေးသား ဖော်ပြမှုများအတွက် အထောက်အပံ့ ဖြစ်ခဲ့ကြောင်း သူက ဆက်ပြောသည်။